မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခလရ(၅၈၈)တပ်ရင်းအနီးတပ်စွဲထားသည့် စစ်အုပ်စုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ်သုံးလက်ရရှိကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF)က ထုတ်ပြန်သည်။
ယနေ့ (စက်တင်ဘာ ၂၃ ရက်) နံနက် ၄ နာရီခွဲခန့်က ခလရ (၅၈၈)တပ်ရင်းအနီးရှိဘုန်းကြီးကျောင်းတောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီ နှင့် ပျူစောထီးများကို ရေးပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဝင်ရောက်စီးနင်းခဲ့သည့် ကင်းစခန်းသည် ခလရ(၅၈၈)တပ်နှင့် တစ်မိုင်ခန့်သာကွာဝေပြီး စစ်ကောင်စီနှင့်ပျူစောထီး အဖွဲ့ဝင် ၁၀ ဦးခန့်ရှိကြောင်း YGF တာဝန်ရှိသူက ပြောသည်။
“ဝင်စီးတဲ့အချိန် သေနတ်တောင်မဖောက်လိုက်ရဘူး။အကုန်ထွက်ပြေးကြတာ”ဟု ၎င်းက ရှင်းပြ သည်။
သိမ်းဆည်းရရှိသော သေနတ်များမှာ -M16 (A1) တစ်လက်၊ ကျည် ၅၀၊ AK (47) တစ်လက် ကျည် ၃၀ ၊ကိုးလုံးကျည်တစ်လက်အပါအဝင် ဌက်ကြီးတောင် ဓားတစ်လက်ပါ သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။
