▪︎မြန်မာ့အကျပ်အတည်းကို အတွင်းရေးမှူးချုပ်ကိုယ်တိုင်ကြားဝင်ဆောင်ရွက်ရန်လည်း တောင်းဆို
ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေခြင်းကို ရပ်တန့်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၆၃၈ က ယနေ့ ထုတ်ပြန်တောင်းဆိုသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူသော စာ၌ ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမည်ဟု ဖော်ပြသည်။
ထို့အပြင် မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် အခြေခံမူများအပေါ် ရပ်တည်သော ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် ကုလသမဂ္ဂ၏ တုံ့ပြန်ဆောင်ရွက်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင် ကြားဝင်ဆောင်ရွက်ပေးပါရန် အရပ်ဘက်လူထုအဖွဲ့အစည်းများက တောင်းဆိုသည်။













ရာထူးခန့်အပ်လွှာများ ပေးအပ်ခြင်း၊ သဘောတူစာချုပ်များနှင့် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းတို့ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် လုပ်ဆောင်ရမည်ဟု ဆက်လက်တောင်းဆိုသည်။
မကြာသေးမီက ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေကြသော အခြားအစုအဖွဲ့ များသည် တရားဝင်မှုမရှိနေသော မြန်မာစစ်အုပ်စုနှင့် သဘောတူ စာချုပ်အသစ်များ ထပ်မံချုပ်ဆိုခြင်း နှင့် ခန့်အပ်လွှာများပေးအပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည့်အပေါ် အပြင်းထန်ဆုံး ရှုတ်ချကြောင်းလည်း အတွင်းရေးမှူးချုပ်ထံ ပေးစာ၌ ဖော်ပြသည်။
