မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာရှိ အုပ်ချုပ်ရေးမှူးကိုယ်စား စစ်ကောင်စီယန္တရားများလည်ပတ်ရန် ဆောင်ရွက်ပေးနေသော အမျိုးသမီးတစ်ဦးအား သွားရောက်သတိပေးခဲ့ကြောင်း ဒေသတွင်း Young Force-UG အဖွဲ့က သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၁ ရက်က ပခုက္ကူမြိုနယ်၊ပန်းတိုင်းခြုံ ကျေးရွာအုပ်စု၊ ပန်းတိုင်းခြုံရွာရှိ အုပ်ချုပ်ရေးမှူးကိုယ်စား ဆောင်ရွက်ပေးနေသော ဒေါ်မြင့်ခင်အား ဝင်ရောက်ထိန်းသိမ်းခဲ့သည်။
၎င်းသည် အရှေ့ဘုန်းကန်၊မြောက်လူးကန်နှင့် ပန်တိုင်းခြုံ ကျေးရွာသုံးရွာအတွက် အုပ်ချုပ်ရေးမှူးကိုယ်စား စစ်ကောင်စီ၏ယန္တရား လည်ပတ်စေရန်၊ထောက်ခံစာများ၊ ဧည့်စာရင်းများပြုလုပ်ပေးခြင်း၊ ကိုယ်စား ငွေတောင်းခံခြင်းများပြုလုပ်ပေးနေသူဖြစ်ကြောင်း၊ ၎င်းအား ထိုလုပ်ငန်းများ ဆက်လက်မပြုလုပ်ရန် ပထမဆုံးနှင့်နောက်ဆုံးအကြိမ်အဖြစ် သတိပေးတားမြစ်ခဲ့ကြောင်း Young Force-UG အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါအမျိုးသမီးထံမှ ရုံးလုပ်ငန်းများနှင့်ဆိုင်သော စာရွက်စာတမ်းများအား သိမ်းဆည်းကာ ဆက်လက်စုံစမ်းရန် အတွက် ဖုန်း(၁)လုံးကိုလည်း သိမ်းဆည်းခဲ့ကြောင်း၊ အချက်အလက်များ စိစစ်ပြီးချိန် ပြန်လည်ပေးအပ်ရန် သင့်လျော်လျှင် ပြန်ပေးမည်ဖြစ်ကြောင်း Young Force-UG က ပြောသည်။
“အုပ်ချုပ်ရေးမှူး တွေကိုမှာချင်တယ်၊အသက်တွေကို နှမျောရင် စစ်ကောင်စီရဲ့ ထောက်တိုင်တွေအဖြစ် ဆက်လက် မရပ်တည်ကြပါနဲ့။ကာကွယ်ရေးတပ်ဖွဲ့များဟာ နေရာမရွေး လှုပ်ရှားနိုင်ပါတယ်။”ဟု Young Force-UG အဖွဲ့က သတိပေးထားသည်။
အထောက်အထား ခိုင်လုံသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းမျည်းစည်းကမ်းများနှင့်အညီ အသက်အရွယ်အား ထောက်ထားငဲ့ညှာခြင်း၊ကျန်ရစ်မည့် မိသားစုအခြေအနေများအား ငဲ့ညှာခြင်းများကြောင့်အသိပေးစကားများ ပြောကြားကာရဲဘော်များပြန်လည်ထွက်ခွာလာခဲ့ပြီး ငွေကြေးတစ်စုံတရာမျှ သိမ်းယူခဲ့ခြင်းမရှိခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။
