ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လာမည့်သီတင်းကျွတ်ကာလ ပွင့်လင်းရာသီတွင် ပျော်ပွဲ၊ရွှင်ပွဲများ၊ အလှူပွဲ၊ မင်္ဂလာပွဲ စသည့် ပွဲလမ်းသဘင်များ မပြုလုပ်ကြရန် ထားဝယ် DDT တပ်ခွဲ(၃)နှင့် လောင်းလုံး LLPDF အဖွဲ့တို့က ယနေ့ (စက်တင်ဘာ ၂၁) မေတ္တာရပ်ခံ ထုတ်ပြန် သည်။
လက်ရှိတွင် မြန်မာနိုင်ငံ နာရေးဖြစ်ပေါ်နေသည့် အချိန်တွင် မြန်မာပြည်အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများ၏ ခက်ခဲမှုများအား ကိုယ်ချင်းစာတရားထား၍ ပွဲလမ်းသဘင်များ မပြုလုပ်ခြင်းဖြင့် ဆက်လက်အလေးပေးလိုက်နာကြရန်ဟု PDF များက တိုက်တွန်းထားသည်။
အကြမ်းဖက်စစ်ကောင်စီနှင့် မဘသ အဖွဲ့များက ပြည်သူနှင့် ကာကွယ်ရေးအဖွဲ့များ သွေးကွဲအောင် အထင်မြင်လွဲစေနိုင်မည့် သီတင်းကျွတ် ပွဲလမ်း သဘင်များ ပြုလုပ်ရန် နှိုးဆော်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
ထို့အပြင် မြန်မာပြည်နေရာအနှံ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်နေပြီး နယ်မြေအေးချမ်းမှု မရှိသောကြောင့် ပြည်သူ များ၏ ဘေးကင်းလုံခြုံရေးကို ရှေးရှုပြီး ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း လောင်းလုံး PDF အဖွဲ့များက ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အသိပေး ထုတ်ပြန်ချက်များကို လိုက်နာပြီး PDF များနှင့်အတူ ပူးပေါင်းပါဝင်ပေးကြရန်လည်း ထားဝယ် DDT တပ်ခွဲ(၃) က တိုက်တွန်းနှိုးဆော်သည်။
