စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
တောင်တွင်းဒေသသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ယနေ့(စက်တင်ဘာ ၂၁ရက်) နေ့လယ်တွင် People’s Defence Force Kalay -Mine Team နှင့် မင်းကင်းPDF၊ Yatu Project မှ ပြည်သူ့ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဟု PDF Kalay ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အဓိကကတော့ မိုင်းဆွဲတိုက်ခိုက်တာ။ ဒီနေ့တိုက်တဲ့အဖွဲ့တွေက မိုင်းမှာ ဆရာတွေချည်းပဲ။ စစ်ကောင်စီဘက်က လေးယောက်သေပြီး ၁၂ယောက် ဒဏ်ရာရသွားတယ်”ဟု ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကလေးမှ ပြန်ကြားရေးအဖွဲ့ဝင်က ရှင်းပြသည်။
မင်းကင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက် အောက်တွင် ဖွဲ့စည်းထားသည်။မိုင်းကျွမ်းကျင်သူများ အဓိကပါဝင်ဖွဲ့စည်းထားသည့် People’s Defence Force Kalay -Mine Team နှင့် Yatu Project တို့မှာလည်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းထားခြင်းဖြစ်သည်။
