ကလေးမြို့၊ တောင်ဖီလာလမ်းမနှင့်ကျန်စစ်သားလမ်းဆုံအနီးတွင် မိုင်းရှာရန်လာသည့် စစ်ကောင်စီတပ်ကို ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(ကလေး-PDF)က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းထိမှန်ခဲ့ကြောင်း PDF(ကလေး)က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည်ကား ၃ စီး အင်အား ၂၀ခန့်ဖြင့် မိုင်းရှာထွက်လာစဉ် PDF(ကလေး)က ယနေ့မနက် ၈နာရီခန့်က အသင့်စောင့်ဆိုင်းပြီး မိုင်းနှစ် လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးခန့်ထိမှန်လဲကျသွားပြီး အနီးနားရှိပြည်သူအချို့ကို ရမ်းကားဖမ်းဆီးသွားသည်ဟု PDF(ကလေး)ကအသိပေးသည်။
“ပေါက်ကွဲမှုဖြစ်ပြီးတော့ ရပ်ကွက်ထဲကို ရမ်းသန်းပြီးပစ်တယ်။ လမ်းသွားနေတဲ့သူ၄၊ ၅ယောက်ကို ဖမ်းသွားတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။
ထိုတိုက်ခိုက်မှုကို PDF(ကလေး) မြို့ပြပျောက်ကြားစစ်ဆင်ရေးတပ်ဖွဲ့က ဆောင်ရွက်ခြင်းဖြစ်သည်ဟုထုတ်ပြန်သည်။
