စစ်သားတစ်ဦးနှင့် ပျူနှစ်ဦးသေ၊ သေနတ်လေးလက်နှင့် ကျည်များရရှိ
‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်အား မိုင်းနှစ်ဆင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၂)၊ တပ်ခွဲ(၂)က ယနေ့(စက်တင်ဘာ ၂၁)ထုတ်ပြန်သည်။
တိုက်ခိုက်မှုများကို ယမန်နေ့ည ၉ နာရီ ၅၅ ခန့်က ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက် ဇရပ်ကုန်း ထရမ်စဖော်မာအနီးတွင် ဖောက်ခွဲမှုတစ်ခုပြုလုပ်ခဲ့ရာ စစ်ဆေးရန် စစ်သားများရောက်လာချိန် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
“ထိုတိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင် (၃)ဦးသေဆုံးခဲ့ပြီး (၁)ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်။ ထိုဖြစ်စဉ်တွင် ရန်သူလက်နက်များဖြစ်သည့် MA1 တစ်လက်၊ MA3 တစ်လက်၊ ကာဘိုင် (၂)လက် နှင့် ၎င်းတို့၏ ကျည်များဖြစ်သည့် MA 3 ကျည် (၁၁၅)တောင့်၊ ကာဘိုင်ကျည် (၁၄၅) တောင့်တို့အား သိမ်းဆည်းခဲ့သည်”ဟု ထုတ်ပြန်သည်။
အလားတူ စက်တင်ဘာ ၁၄ ရက်ကလည်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် နေ့လယ် ၁ နာရီခန့်တွင် ညောင်လေးပင်ဘက်မှ ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနစ်ဦးပါ ယာဥ်အား ညောင်လေးပင် မဒေါက်လမ်းပေါ် အင်းကပ္ပလိပ်အနီးတွင် ရွှေကျင်(ပကဖ)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ထို့ပြင် စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီခွဲခန့်က ပဲခူးတိုင်းစစ်ဒေသခွဲ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မှတ်တိုင်တိုက်နယ် ၊ ရွာသစ်ကြီးအုပ်စု၊ ရှမ်းစပ်ရွာနေ အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဝင်းအား ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နန်းထိုက်အောင်စစ် ဆင်ရေးအဖြစ် ရှင်းလင်းခဲ့သေးသည်။
