ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီအဖွဲ့အားထားရသည်ဆိုသည့် ပြည်သူ့စ်ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။
ဖားကန့်မြို့ နန့်ယားကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦးကို ယနေ့ (စက်တင်ဘာ ၂၀ရက်) နံနက် ၇နာရီခွဲခန့်တွင် ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးက ပစ်သတ်သွားခြင်းဖြစ်သည်။
“ပစ်သွားတာတော့ တော်တော် စနစ်ကျတယ်။ အဲ့ဒီလူ(ဦးထွန်းထွန်းဦး)က စစ်တပ်ထဲသွားအိပ်ပြီး မနက်ဘက် အိမ်ပြန်လာချိန် အိမ်ရှေ့မှာ ပစ်သတ်သွားတာ။ သေနတ်ကိုပါ သိမ်းသွားတာဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဦးထွန်းထွန်းဦးသည် စစ်ကောင်စီတပ်ကို အားကိုးသူဖြစ်ပြီး ညအချိန်တွင် စစ်တပ်ကုန်း၌ သွားအိပ်ပြီး မနက်တွင် အိမ်ပြန်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။ ယနေ့နံနက်တွင် အိမ်ပြန် လာစဥ် အနီးကပ်ပစ်ခတ်ခံရပြီး နေရာတွင်ပင်သေဆုံးသွားသည်ဟု သိရသည်။
“သူက စစ်တပ်ဖက်တော်တော် ယိမ်းတယ်။ စစ်တပ်ကလည်း သူ့ကို အားကိုးတယ်။ အခု ပစ်သတ်ခံလိုက်ရသလို သူ့သေနတ်ကိုပါယူသွားတာ”ဟု ဖားကန့်ဒေသ စစ်အာဏာရှင်တော်လှန်ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ဦးထွန်းထွန်းဦးပစ်သတ်ခံရသည့်အပေါ် စစ်ကောင်စီက အလွန်ဒေါသထွက်နေပြီး ယနေ့ နံနက်ပိုင်းမှစတင်ကာ နမ့်ယားစစ်တပ်ကုန်းမှနေ၍ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
