ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် မြ၀တီ -ဝေါ်လေလမ်း တစ်နေရာ၌ လက်နက်၊ ခဲယမ်းများနှင့် ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ရဲရင့်မောင်ဦးစီးသည့် အဖွဲ့ကို ထိမ်းသိမ်းထားဆဲဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ယနေ့ အသိပေးသည်။
“ပြန်လည်း မလွှတ်သလို ရောင်းလည်း မစားပါဘူးကွယ်။ ကျန်းမာရေးလေးတော့ ဂရုစိုက်ပါ”ဟု ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး၏ ဓာတ်ပုံကို ကော်ဘရာ စစ်ကြောင်း တာဝန်ရှိသူက ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြအသိပေးထားခြင်းဖြစ်သည်။
ဗိုလ်ကြီးရဲရင့်မောင်နှင့် ၎င်း၏တပ်ဖွဲ့သည် ရှေ့တန်းစစ်မြေပြင်သို့ ကျည်၊ ခဲယမ်းများ သွားရောက်ပို့ဆောင်စဉ် စက်တင်ဘာ ၉ရက်နံနက်ပိုင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။
ဗိုလ်ကြီးရဲရင့်မောင်၏ တပ်ဖွဲ့နှင့်အတူ လက်နက် ၆လက်၊ ကျည်နှင့် ဗုံးသီး အများအပြား၊ ရိက္ခာခြောက်များကို သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
