ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းထိမှန်သေဆုံးခဲ့ပြီးနောက် လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူလူထုတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ(၁၈)ရက် ညနေလေးနာရီဝန်းကျင်က သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့(အမတ-၃၁၀)တပ်က လက်နက်ကြီး(၁၂၀ မမ)တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးနယ်အတွင်း လက်နက်ကြီးနှစ်လုံးနဲ့ ခရွဲကျေးနယ်အုပ်စုမှာ သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၄၀ ရက် နေ့လည်(၁၂)နာရီအချိန်ခန့်ကလည်း ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ဓမ္မဒူတဘုန်းကြီးကျောင်းအတွင်း အင်အား(၆၀)ခန့်ရှိတဲ့ စစ်ကောင်စီ ခမရ(၂၀၇)တပ်ဖွဲ့တွေဟာ ခရွဲကျေးနယ်အတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားမှုကြောင့် မိုင်းထိမှန်ခဲ့ပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲ့ဒီနောက် နေ့လည်တစ်နာရီခွဲခန့်မှာ စစ်ကောင်စီ ခမရ(၂၀၇) တပ်ဖွဲ့ ကလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခရွဲကျေးနယ်အတွင်းကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ(၁၅)ရက် မနက်ရှစ်နာရီခွဲဝန်းကျင်ကလည်း ခမရ (၂၀၇) တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးနယ်ထဲကို သုံးလုံးကျရောက်ပေါက်ကွဲခဲ့သလို ခရွဲကျေးနယ်မှာ နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။
ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် ခမရ(၂၀၇)၊ အမတ(၃၁၀)၊ အမတ(၆၀၂)၊ ကျိုက်ထိုတပ်မ(၄၄)ဌာနချုပ်၊ ခလရ(၂)၊ ခလရ(၈)၊ ခမရ(၂)၊ ခမရ(၃)၊ ခလရ(၉၆)စတဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာ၊ နယ်မြေကျူးကျော်စစ်ရေးလှုပ်ရှား စစ်ကြောင်းထိုးနေတာတွေကြောင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူတွေဟာ ကြောက်လန့်နေရပြီး စားဝတ်နေရေးလုပ်ငန်းလုပ်ကိုင်ရာမှာလည်း အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
