စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
စစ်ကောင်စီအရာရှိရောက်လာပြီးနောက် ခင်ဦးမြို့မစျေးကို အတင်းပိတ်ခိုင်း
စစ်ကိုင်းတိုင်း၊ ရေဦး-ခင်ဦးလမ်းပိုင်းတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီအရာရှိတစ်ဦး လိုက်ပါလာသည့် ယာဥ်တန်းအား လမ်းတစ်လျှောက် တိုက်မိုင်း၊ ဆွဲမိုင်းများဖြင့် တိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
ယနေ့ (စက်တင်ဘာ၂၀ရက်) နံနက် ၃ နာရီခွဲခန့်က စစ်ကောင်စီအရာရှိတစ်ဦး လိုက်ပါလာသော သံချပ်ကာ ကားအကြီး သုံးစီးသည် ရေဦးမြို့မှ ခင်ဦးမြို့ပေါ်သို့ ရေဦး-ခင်ဦး လမ်းပိုင်းအတိုင်း ဝင်ရောက် လာခဲ့သည်။
၎င်းယာဥ်တန်းသည် လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်သားများ ကင်းရှည်ကင်းပုန်းဝပ်ထားသည့်ကြားက တိုက်မိုင်းဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ် ရေးအဖွဲ့များက ပြောသည်။
“ပြည့်သူ့ကာကွယ်ရေးအဖွဲ့များ၏ တိုက်မိုင်း၊ဆွဲမိုင်းများ အကြိမ်ကြိမ်မိသွားကြောင်းပြီးမှ ခင်ဦးမြို့ပေါ်အတွင်း ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အသေအပျောက်အထိခိုက်ရှိပါတယ်။အတိအကျမသိရသေးပါဘူး။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
စစ်ကောင်စီအရာရှိယာဥ်တန်း ရောက်ရှိလာပြီးနောက် ခင်ဦးမြို့ပေါ်တွင် စစ်တပ်က ခင်ဦးမြို့မဈေးရှိ စျေးသည်များအား ခြိမ်းခြောက်ပြောဆိုကာ ဈေးပိတ်သိမ်းထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
ထို့အပြင် ရေဦးကြာပန်းဝိုင်းရှိ စစ်ကောင်စီတပ်များ ဒရုန်းချတိုက်ခိုက်ခံရပြီးနောက် ခင်ဦးအနောက်ခြမ်းကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေရာ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ် ရာရရှိထားကြောင်း ဒေသခံများက ပြောသည်။
” ရေဦးမှ ခင်ဦးနယ် ရွာသစ်၊မူးသာကျေးရွာများဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်နေပါတယ်။ ဆက်တိုက်ပစ်ခတ်နေပါတယ်။ ရွာသစ်ကျေးရွာက အသက်၂၂နှစ်အရွယ် အမျိုးသမီး၁ဦး ဒဏ်ရာရရှိထားတယ်။”ဟု Khin U Support Organization Kso အဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်နှင့်ပျူများသည် ယမန်နေ့မှစ၍ ရေဦး-ခင်ဦး-ရွှေဘိုလမ်းတစ်လျှောက် ကင်းရှည် ကင်းပုန်းဝပ်ထားခဲ့ကြောင်း၊ ကံသစ်ရွာတွင် ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်သားများက ယနေ့နံနက်တွင် တံတားမှ ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ငယ်များရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
ရေဦး-ခင်ဦးလမ်းရှိ လမ်းဘေးဝဲယာကျေးရွာ ရှစ်ရွာ မှ ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး နေရေးစားရေး အခက်အခဲများတွေ့ကြုံနေရကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ရေဦးကြာပန်းဝိုင်းမှ စစ်ကောင်စီတပ်သည် အနက်ရောင်ဝတ်စုံဖြင့် PDFအသွင်ယူကာ အရှေ့ဘက် ခင်ဦးနယ်သို့ ကူးလာရန်ရှိနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
