စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကျွန်းလယ်ကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်အား တိုက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – K.P.K က ယနေ့(စက်တင်ဘာ ၁၉) ထုတ်ပြန်သည်။
ယနေ့နံနက်အစောပိုင်း ၂ နာရီခန့်က ကျွန်လယ်ရွာမှာ ထန်းပင်ဆိပ်ရွာဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ခန့်ရှိ စစ်ကောင်စီတပ်အား Guerrilla Warfare – K.P.K တပ်ဖွဲ့မှ တိုက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေဆုံးပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

အထက်ပါစစ်ကြောင်းသည် စက်တင်ဘာ ၁၇ရက်က အင်ကုက္ကားရွာမှ ထွက်လာသည့်စစ်ကြောင်းဖြစ်ပြီး ယင်းစစ်ကြောင်းကို Guerrilla Warfare – K.P.K နှင့်မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် ကျွန်းလယ်ရွာဘက်သို့ စစ်ကြောင်းထိုးသွားခဲ့ခြင်း ဖြစ်သည်။
အလားတူ ယနေ့ညနေ ၃ နာရီ ၅၀ ခန့်ကလည်း တန့်ဆည်မြို့ပေါ် ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော ရွှေဒေါင်းမင်းဆီဆိုင်အား ရွှေဘိုခရိုင် တပ်ရင်း (၆) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့မှ ပူးပေါင်း၍ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေဥတင်းရင်းမြစ် Taze News က ဖော်ပြသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်များ သေဆုံး ၊ ထိခိုက်ဒဏ်ရာရရှိမှု များပြားနိုင်ပြီး ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အန္တရာယ်ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
