ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းအား လေကြောင်းပစ်ခတ်ခဲ့မှုကြောင့် ပြင်းထန်ထိခိုက်သွားသည့်ကလေး ၁၇ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သုံးရက်ကြာသည်အထိ အဆက်
အသွယ်မရသေး၍ မိဘများစိတ်သောကရောက်နေကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည် စက်တင်ဘာလ ၁၆ ရက်နေ့မွန်းလွဲပိုင်းကလက်ယက်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအတွင်းစာသင်ဆောင်ကို စစ်ကောင်စီတပ်က တိုက်လေယာဥ်လေးစီးဖြင့်စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသောကလေးများ သေဆုံးထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
ကလေးငယ် ၄ ဦး စာသင်ဆောင်အတွင်း သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို စစ်ကောင်စီတပ်ကယူဆောင်သွားသည်။ ကလေးငယ် ၅ ဦးမှာ ဒဏ်ရာမပြင်းထန်၍ ထားခဲ့ပြီး ပြင်းထန်ဒဏ်ရာရသည့် ကျန်ကလေးငယ် ၁၇ ဦးကို စစ်ကောင်စီတပ်က ရေဦးသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထိုနောက်စစ်ကောင်စီတပ်ကစက်တင်ဘာ ၁၇ ရက်နံနက်တွင် ကလေးငယ် ၆ ဦး၏ရုပ်အလောင်းနှင့် ရုပ်မပီပြင်သည့်အလောင်းများအားရေဦး သုသာန်တွင် မီးရှို့သင်္ဂြိုလ်သွား၍ သေဆုံးကလေးငယ် ၆ ဦးထက်ပိုများကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။ ရေဦးPDF ကစုံစမ်းမှုအရ စက်တင်ဘာ ၁၇ ရက်မနက်တွင် ရေဦးသုသာန်တွင်လာမီးရှို့ သင်္ဂြိုလ်သွားသည်မှာ ၇ ဦးဖြစ်ကြောင်းပြောသည်။
“ွေးတွေက ကလေး ၆ ဦးသင်္ဂြိုလ်ပြီးသွားပြီ။ ကျန်တဲ့ဟာက အလောင်းမပီပြင်ဘူးဆိုတော့ ဘယ်လိုမှမသိရဘူး။ မပီပြင်တဲ့အလောင်းတွေက ၃ ဦးလို့လည်းပြောနေကြတယ်။ ၆ ဦးအထက်ကတော့ သေချာသွားပြီ။”ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
စက်တင်ဘာ ၁၇ ရက်သဂြိုလ်သွားသည့် ရုပ်အလောင်းမှာ ၇ လောင်းဖြစ်ပြီး ဖုန်းတေဇဆိုသော ကလေးငယ်တစ်ဦး၏ မျက်နှာကိုသာ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်ဟု ဖရဲသီး(စစ်ကောင်စီတပ်အတွင်းမှသတင်းပေး)ကပေးသည့်သတင်းအားကိုးကား၍ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။
“ကလေးတွေကို ဖြစ်သလိုကို ဆေးကုနေတာလို့ နောက်ဆုံးကြားရတယ်။ ရေဦးကုတင်တစ်ရာဆေးရုံမှာဆိုတာ စစ်ခွေးတွေက မျက်စိလှည့်ထားတာ။ ကလေးတွေတကယ်ရောက်နေတာက ရေဦး တိုင်းရင်းဆေးရုံမှာ။ စုစုပေါင်း ၁၅ယောက်ဟာ ဒဏ်ရာဆိုးဆိုးရွားရွားရထားတယ်လို့ သိရတယ်”ဟု ရေဦးပကဖ ပြန်ကြားရေးတာဝန်ခံကပြောသည်။
ထိုအပြင်စက်တင်ဘာ ၁၇ ရက်ညနေလေးနာရီခန့်တွင်လည်း အသက် ၁၄နှစ်အရွယ် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို ရေဦးသုသာန်သို့ စစ်ကောင်စီက လာပို့ကာ မီးသဂြိုလ်သွားသည်ဟု သတင်းရရှိသည်။ ယင်းလူငယ်သည် ရင်ဘတ်တွင် သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးနေခြင်းဖြစ်သည်ဟုသိ့ရကြောင်း ၎င်းကဆက်ပြောသည်။
စာသင်ကျောင်း၌ သေဆုံးခဲ့သည့် ကလေးရုပ်အလောင်းများအား မိဘများက သင်္ဂြိုလ်လို၍ တောင်းခဲ့သော်လည်း စစ်ကောင်စီတပ်က မပေးဘဲယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ကဝါဒဖြန့်ရာတွင် လက်ယက်ကုန်းရွာတွင်ရောက်နေသောKIA နှင့် PDFကိုတိုက်ခိုက်ရာ ၎င်းတိုက ပြည်သူများကို လူသားတံတိုင်းလုပ်၍ တိုက်ခိုက်မှုတွင် ပြည်သူများသေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ထိုကြောင့်စစ်ကောင်စီတပ်က ဒဏ်ရာရသူများကို ဆေးကုသပေးရန်ခေါ်သွားခြင်းဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် မီဒီယာများကဖော်ပြထားသည်။
သို့သော်အမှန်တွင် ထိုနေ့က စစ်ကောင်စီတပ်က KIA ၊PDF နှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ကလေူငယ်များအပါအဝင်ဒေသခံပြည်သူများကိုပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်သည်ဟုဒေသခံများကပြောသည်။
“အကုန်လုံး ငိုယိုနေကြတယ်။ ကလေး ၁၇ ဦးဆိုတော့ ကလေးက ကိုယ့်ကလေးကသေတာလားလည်းမသိ သူ့ကလေးက သေတာလားလည်းမသိ၊ ဖြစ်နေကြတယ်။ရွာခံတွေကလည်း ဘယ်သူမှပြန်မကပ်ရဲကြသေးဘူး။ နီးစပ်ရာရွာတွေကအစ ဘယ်သူမှမရှိကြတော့ဘူး။ “ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုအပြင်သေဆုံးသွားသော ကလေးငယ်များ၏မိဘများကိုစစ်ကောင်စီက ၎င်းတို့ထံလာတွေ့ရန် ခေါ်ယူနေပြီး မသွားရဲကြကြောင်းလည်း ဒေသခံအချို့ကပြောသည်။
” သားဇော သမီးဇောနဲ့သွားချင်ပေမယ့်လည်း ဘယ်လိုမှ ယုံကြည်စရာမရှိတဲ့အခါ ဘာဆက်လုပ်ကြရမှာလဲ။ တကယ့် အရူးမီးဝိုင်းခံစားချက်ကြီးပါ”ဟု လက်ယက်ကုန်းကျေးရွာဒေသခံတစ်ဦးကပြောသည်။
ကလေး၁၇ ဦးနှင့်အတူ ဆရာ၊ဆရာမ၃ဦးပါသွားပြီး ၎င်းတို့အခြေအနေကိုလည်းမသိရသေးကြောင်း၊ ဆရာတစ်ဦးမှာလည်း ရိုက်နှက်နှိပ်စက်ခံထားရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ထိခိုက်ဒဏ်ရာရခဲ့သူ ၁၁ နှစ်အရွယ်ကျောင်းသူ၏ ဆွေမျိုးသားချင်းတစ်ဦးက “သတင်းကဘာမှမကြားရသေးဘူး။ အကုန်လုံးလည်း စိတ်သောကရောက်နေတော့ ဘာမှမစုံစမ်းနိုင်ဘူး။ သူများဆက်တဲ့ဖုန်းသာ မျှော်လင့်နေရတာ။ သမီးလေးက ၁၁ နှစ်ပါ။ဘုန်းကြီးစာတက်ရင်း၊ စာနဲ့ဝေးမှာစိုးလို့ ဘုန်းကြီးကျောင်းမှာသင်တာသွားတက်ရင်းဖြစ်တာ။ သူ့မိဘတွေကတော့ ရူးမလိုခံစားနေရတာ။ သူ့သားသမီးမတွေ့တော့ ရူးမလိုဖြစ်သွားပြီ။”ဟု ပြောသည်။
စစ်ကောင်စီတပ်သည် ထိုနေ့က ကလေးငယ်များအပြင် ကျေးရွာအတွင်းရှိ အသက် ၁၃ နှစ်မှ ၄၉ နှစ်အရွယ် ရွာသူရွာသား ၇ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။
