စစ်ကိုင်းတိုင်း တမူးမြို့နယ်ရှိ ရန်လင်းဖိုင်ကျေးရွာကို မီးရှို့ပြီးထွက်လာသည့် သံချပ်ကာယာဉ်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အသေအပျောက်များရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – တမူး တပ်ရင်း(၃)က တာဝန်ရှိသူက ပြောသည်။
အဆိုပါစစ်ကြောင်းတွင် သံချပ်ကာယာဉ်တစ်စီးနှင့် စစ်ကား လေးစီးပါဝင်ပြီး ရန်လင်းဖိုင်ရွာကို ယနေ့(စက်တင်ဘာ ၁၉ရက်) နံနက်၉နာရီခန့်က မီးရှို့ပြီး ထွက်လာစဉ် နံနက် ၁၀နာရီခန့်တွင် နန်မွန်းတားကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“လောလောဆယ်ထိတွေ့မှုဖြစ်ထားပေမယ့်၊ အထိအခိုက် အကျအဆုံးမသိရသေးပါဘူး။ ကျွန်တော်တို့ တပ်ရင်း(၃)ရဲဘော်များတော့ အထိအခိုက်မရှိပါဘူး”ဟု အဆိုပါတာဝန်ရှိသူကပြောသည်။
အဆိုပါစစ်ကြောင်းသည် ကလေးမြို့မှ စက်တင်ဘာ ၁၅ရက်ကတည်းက ထွက်လာပြီး ယနေ့နံနက်ပိုင်းတွင် တပ်ရင်း၏ စစ်ရေးလှုပ်ရှားသည့် နယ်မြေအတွင်းဝင်ရောက်လာခြင်းကြောင့် မိုင်းဆွဲရခြင်းဖြစ်သည်ဟု PDF(တမူး)တပ်ရင်း – ၃ က ဆိုသည်။
