“ကြိုက်တဲ့ဒရုန်းနဲ့လာချလှည့်။ ပြန်လမ်းမရှိစေရဘူး”ဟု စခန်းမှူးက စိန်ခေါ်ထားသည့် မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို ယနေ့(စက်တင်ဘာလ ၁၉ရက်) နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်သုံးဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကျောက်ရစ်စခန်းမှုးက ” ကြိုက်တဲ့ဒရုန်းနဲ့လာချလှည့် ပြန်လမ်းမရှိစေရဘူး” စိန်ခေါ်ထားလို့ စခန်းပေါ် အခေါက်ပေါင်းများစွာပျံဝဲပြီး အီနာဂါကျွေးထည့်လိုက်တယ်”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီဘက်က ထိခိုက်မှုကိုစုံစမ်းနေပြီး မကြာမီ သတင်းအတိအကျထုတ်ပြန်မည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။
ကျောက်စရစ်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၆ရက်တွင် နနွမ်းကိုင်းကျေးရွာသို့ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ အသက်(၇၀) အရွယ် အဘွားအိုတစ်ဦးသေဆုံးခဲ့ရသည်။
