အဖွဲ့အမည်အလွဲသုံးစားပြုနေသူများအား အမြစ်ပြတ်ချေမှုန်းမည်ဟု PDFများ သတိပေး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့အမည်အလွဲသုံးစားပြုလုပ်ကာ ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပခုက္ကူခရိုင်အတွင်းရှိ ပြည်သူတစ်ဦးထံ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့အမည်အသုံးပြုပြီး ဖုန်းဖြင့်စာတိုပို့ကာ ခြိမ်းခြောက် ငွေညှစ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။
ပခုက္ကူခရိုင် ရေလာလေးကျေးရွာမှ ပျူများနှင့်မြိုင်မြို့နယ် တွင်းမကျေးရွာမှ ပျူများပေါင်း၍ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ အမည်ဖြင့် အပြစ်မဲ့ပြည်သူထံ ခြိမ်းခြောက်ငွေတောင်းခြင်းဖြစ်ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့သည် ယနေ့အချိန်ထိ လောင်းကစားဝိုင်းများအား ဆက်ကြေးကောက်ခြင်း၊ ပြည်သူလူထုထံမှ မတရားသော အခကြေးငွေ ရယူခြင်း၊ လက်နက်အားကိုးဖြင့် ပြည်သူလူထုအပေါ်၌ နိုင်ထက်စီးနင်းပြုမှုများ လုံးဝမပြုလုပ်ခဲ့ကြောင်း ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့က ပြောသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “ပျူတွေအနေနဲ့ ပြည်သူတစ်ဦးထံ ခြိမ်းခြောက်ငွေညှစ်တာပါဗျ။ စခတွေ ပခတွေက မြေပြင်တော်လှန်ရေးသမားနာမည်နဲ့ လုပ်စားနေတာကြာပြီ။ တော်လှန်ရေးကို သေးသိမ်အောင် လုပ်တာမျိုးပေါ့ဗျာ။ ကျွန်တော်တို့ အနေနဲ့တော့ အဆိုပါ လူယုတ်မာတသိုက်ကို အမြန်ဆုံး အမြစ်ပြတ်ချေမှူန်းပါမယ်လို့ပဲ ဖြည့်စွတ်ပြီးပြောချင်ပါတယ်ဗျ။”ဟု ပြောကြားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်(၄) Myaung Special People’s Defence Force (MSPDF) အဖွဲ့အမည်အား အသုံးပြုကာ ငွေကြေးတောင်းခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ အလွဲသုံးစားပြုလုပ်ထားသည်ကို တွေ့ရှိရကြောင်း MSPDFက အသိပေးသည်။
နောက်နောင်တွင် MSPDFအဖွဲ့အစည်း၏ပုံရိပ် အား အသုံးပြုပြီး ငွေကြေးရှာဖွေမှုများ၊ဂုဏ်ပြုမှတ်တမ်းလွှာ အလွဲသုံးစားအသုံးပြုမှုများ၊အဖွဲ့အစည်း၏ ပုံရိပ်ကိုအသုံးချပြီး ကိုယ်ကျိုးစီးပွားရှာဖွေမှုများကို စိိစစ်တွေ့ရှိပါက လုံးဝ(လုံးဝ) သက်ညှာထောက်ထားမှုမရှိဘဲ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း MSPDFက သတိပေးထားသည်။
စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် PDF အဖွဲ့အမည်အလွဲသုံးစားပြုကာ ငွေကြေးခြိမ်းခြောက်တောင်းခံခြင်း၊ PDFအဖွဲ့ပုံရိပ်ကျဆင်းစေရန် အကြမ်းဖက်မှုများ ပြုလုပ်ခြင်းများ မကြာခဏဖြစ်ပေါ်နေသည်။
