စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဓါးစာခံပြည်သူတစ်ဦးကို သတ်ဖြတ်ကာ ဘုန်းကြီးကျောင်းပါမချန်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (စက်တင်ဘာ ၁၈ ရက်)က ဘုတလင် မြို့နယ်၊ အောင်သာရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းရှိ ကားတစ်စီးနှင့် ဆိုင်ကယ်အစီးရေများစွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ရွာအတွင်း မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေများလည်းရှိကြောင်း ဒေသခံများက ပြောသည်။




စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၆ ရက်က ဘုတလင်မြို့နယ် အောင်ချမ်းသာ၊သက်ရှည်ကန် နှင့် မင်းရွေးရွာတို့ကို ဝင်ရောက်ခဲ့ပြီး ၄ယောက်ထက် မနည်းဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
“သက်ရှည်ကန်ရွာက ဖမ်းဆီးသွားတဲ့ ဓါးစာခံ တစ်ဦးကို စစ်တပ်ကပစ်သတ်သွားတယ်။ မနေ့ကမှ အလောင်းတွေ့တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။


စက်တင်ဘာ ၁၃ ရက် နံနက်၅နာရီခန့်က ဘုတလင်မြို့နယ် ပဲပြစ်တောအရှေ့ရွာရှိ PDF စခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့၍ CDM စစ်သားနှင့် ဒုံးပျံ PDF အဖွဲ့ဝင် ငါးဦးကျဆုံးခဲ့သည်။
ထို့အပြင် ဒေသခံ ၃၀ နီးပါးခန့်ဖမ်းဆီးခံထားရသည်။ နေအိမ် လေးလုံးမီးရှို့ခံရပြီး ဒေသခံ ၇၀၀ ခန့်လည်း တိမ်းရှောင်နေရကြောင်းသတင်းရရှိသည်။
