ဖမ်းဆီးထားသည့် ကလေးငယ်များနှင့် ၊ ဆရာများအား အန္တရာယ်ကင်းစွာ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆို
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် က စာသင်ကျောင်းကို လေကြောင်းမှပစ်ခတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းကြောင့် စာသင်နေသည့် ကလေးငယ်ခြောက်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ် အပေါ် NUG အစိုးရ၊ အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနှင့် လူ့အခွင့်ရေးဝန်ကြီးဌာနတို့က ကန့်ကွက်ရှုတ်ချကြောင်း ယနေ့(စက်တင်ဘာ ၁၈) ထုတ်ပြန်သည်။
စက်တင်ဘာ ၁၆ ရက်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဒေသခံများ ဖွင့်လှစ်ထားသော ကိုယ်ထူကိုယ်ထ စာသင် ကျောင်းတစ်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ပညာသင်ကြားနေသည့် ကလေးသူငယ်ခြောက်ဦး သေဆုံးခဲ့ပြီး ကလေးသူငယ် အများအပြားအပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

လေကြောင်းတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်အုပ်စု၏ မြေပြင်တပ်ဖွဲ့ဝင်များက ထိခိုက်ဒဏ်ရာရခဲ့ကြသည့် ကလေးသူငယ်များအပါအဝင် ကျောင်းတွင်ပိတ်မိနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ ၂၀ဦးခန့်ကို ဖမ်းဆီး၍ ရေဦးမြို့နယ်သို့ ပို့ဆောင်ခဲ့သည်ဟု ထုတ်ပြန်သည်။
“စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူမဆန်သည့်၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဌာနများမှ အပြင်းအထန် ရှုတ်ချသည်”ဟု ဆိုသည်။
ထို့အပြင် ဖမ်းဆီးထားသည့် ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများကို မည်သည့်အန္တရာယ်မှ ကျရောက်စေခြင်းမရှိဘဲ အမြန်ဆုံးပြန်လွှတ်ရန် လိုအပ် သည်ဟု တောင်းဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်မှတ်တမ်းတင်လျက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။
အလားတူ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ကလေးသူငယ်များ၏ ပညာရေးအခွင့်အရေး (Right to Education)ကို ဆိုးရွားစွာချိုးဖောက်ခံရမှု၊ စာ သင်ကျောင်းများကို ရက်စက် ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုဖော် ဆောင်ရေးတွင် အားဖြည့်ပံ့ပိုးရန် တာဝန်ရှိကြောင်း ထောက်ပြထားသည်။
