ရခိုင် – ဘင်္ဂလားနယ်စပ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ရာ ဘဂ်လားဒေ့ရှ်ဘက်ကျရောက်ပြီး (၁၇)နှစ်အရွာကလေးတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် စစ်ဘက် အရပ်ဘက်မခွဲခြားဘဲ စစ်တပ်ကရမ်းသမ်းပစ်ခတ်မှုအပေါ် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယနေ့(စက်တက်ဘာ ၁၇)တွင် ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး ဘဂ်လားဒေ့ရှ်ဘက်ကျရောက်ကာ (၁၇)နှစ်အရွယ် Md Iqbal သေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်စွာရရှိသွားခြင်းဖြစ် ကြောင်းAAက ဖော်ပြသည်။

“သို့ဖြစ်ပါ၍ မိမိတို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင့်တပ်တော် အနေဖြင့် စစ်ကောင်စီတပ်၏ အရပ်ဖက်ပစ်မှတ်များကို လက်နက်ကြီးများဖြင့် မဆင်မခြင်ရမ်းသမ်းပစ်နေသည့် လုပ်ရပ်များအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီး စစ်ကောင်စီတပ်၏ လူသားမဆန်စွာ ရက်ရက် စက်စက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူများအတွက် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်း ထုတ်ပြန်အပ်ပါသည်”ဟု ULA/AA က ဆို သည်။
နိုင်ငံအတွင်း စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်မှရှုံနိမ့်ပြီး အရူးမီးဝိုင်းနေသော စစ်ကောင်စီတပ်သည် နိုင်ငံနယ်စပ်တလျှောက်စစ်အင်အားများတိုးချဲ့နေသည့်အပြင် ဂျက်တိုက်လေယာဥ်များ၊ လက်နက်ကြီးများ အလွန်အကျွံအသုံးပြုကာ အရပ်ဖက်၊ စစ်ဖက် ပစ်မှတ်မခွဲခြားဘဲ ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် နယ်စပ်ဒေသတလျှောက်ရှိ ပြည်သူများ ဒုက္ခရောက်နေကြရသည်ဟု ထောက်ပြသည်။
အလားတူ လွန်ခဲ့သောနှစ်လနီးပါးခန့်ကလည်း ရခိုင် – ဘဂ်လားနယ်စပ်တလျှောက် စစ်ကောင်စီတပ်မှ ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီး ယခုအခါ ရျက်တိုက်လေယာဥ်များ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကျူးလွန်လျှက်ရှိသည်ဟု ဖော်ပြသည်။
ထို့ကြောင့် ယခင်ကတည်းက ဒုက္ခရောက်နေရသည့် မူဆလင်လူမျိုးများမှာ တစ်နိုင်ငံလုံးရှိ မြန်မာပြည်သူ များနည်းတူ စစ်ဘေးစစ်ဒဏ်များကို ထပ်မံ ခံစားနေကြရပြီး အကြမ်းဖက်နာ်ချဲ့နေသော စစ်ကောင်စီတပ်သည် ၎င်းတို့၏ယခုလုပ်ရပ်များကို အခြားသူများလုပ်လေဟန် ဝါဒဖြန့်လျှက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
