စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေး လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်၏ ယာဉ်သုံးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကာ တစ်စီးပျက်စီးသွား၍ ကြိုးဖြင့်ဆွဲကာ သယ်ဆောင်သွားကြောင်း People’s Defence Force – South Monywa အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) ည ၁ဝ နာရီ ၄၅ မိနစ်ခန့်က မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီတပ်ယာဉ် သုံးစီးသည် အလျင်အမြန်မောင်းနှင် လာစဥ် မိုင်းမြှုပ်ထားသည့်နေရာအရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း PDF South Monywa၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နောက်ဆုံးယာဉ်မှာ မိုင်းဆံများမှန်၍ မှန်များမှာလည်း တစ်စစီကြေမွပျက်စီးသွားပြီးရှေ့ဆက်မသွားတော့ဘဲ ချက်ချင်းထိုးရပ်သွားခဲ့ကြောင်း၊ အဆိုပါ ယာဉ်အား ရှေ့ကားများက ကြိုးများဖြင့်တုပ်နှောင်၍ ဆွဲခေါ်သယ်ဆောင်သွားခဲ့ကြောင်း PDF South Monywaက အသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ PDF South Monywa အဖွဲ့ တာဝန်ရှိသူ Daung Karyan က “ကားတွေက စစ်ကိုင်းကနေမုံရွာကိုလာတာပါ။သတင်းကမရကြဘူး။ ကျွန်တော်တို့တောင် ချောင်းဦးကျော်မှသတင်းရတာ။ မိုင်းထိပြီး ကားကိုမောင်းမရတော့လို့ ကြိုးနဲ့ဆွဲသွားရတာပါဗျ။”ဟု ပြောကြား သည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်သည်ဟု PDF South Monywa က ခန့်မှန်းသည်။
PDF- South Monywaအဖွဲ့သည် ယမန်နေ့ (စက်တင်ဘာ ၁၆ ရက်) မွန်းလွဲ ၁ နာရီ ၂၅မိနစ်ခန့်ကလည်း မုံရွာမြို့နယ် တောပုရွာအနီး၌ ပျူစောထီးများက PDFအယောင်ဆောင်ပြီး လမ်းသွားလမ်းလာပြည်သူများအား အကြမ်းဖက်စစ်ဆေးနေ၍ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
