ရေဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးဝင်းနိုင်သည် သူ့ကိုယ်သူသေနတ်ဖြင့်ပစ်၍ အဆုံးစီရင်သွားခြင်းမဟုတ်ဘဲ စစ်ကောင်စီဗျူဟာမှူးက အစည်းအဝေးခန်းအတွင်း သေနတ်ဖြင့် နှစ်ချက်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း ရေဦးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” ဒုရဲမှူးကြီးဝင်းနိုင်ကို စစ်ဘက်ကဗျူဟာမှုးကရင်ဘတ်တည့်တည့်ကိုတစ်ချက်ဗိုက်ကိုတစ်ချက်ပစ်တာ။အစည်းအဝေးလုပ်နေတဲ့အချိန်မှာစကားများပြီးပစ်သတ်တာလို့သိရတယ်။ သူ့ကိုယ်သူ ပစ်တာလုံးဝမဟုတ်ဘူး” ဟုအထက်ပါတာဝန်ရှိသူက ပြောသည်။

ဒုတိယရဲမှူးကြီးဝင်းနိုင်သည် စက်တင်ဘာ ၁၅ရက်ညနေက ၎င်း၏ ဝန်ထမ်းအိမ်ယာတွင် သူ့နာထင်သူ သေနတ်ဖြင့် တေ့ပစ်၍ အဆုံးစီရင်သွားခြင်းဟုစစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကသတင်းဖြန့်ခဲ့ကြသည်။ ယင်းသည် ဗျုဟာမှူးလက်ချက်ဖြင့် သေဆုံးသွားသည်ကို လမ်းကြောင်းလွှဲရန်အတွက် ရေဦးရဲတပ်ဖွဲ့က စစ်ကောင်စီအလိုကြ သတင်းအမှားဖြန့်ဝေခြင်းဟု ရေဦးပကဖကပြောသည်။
ရေဦးတွင် စစ်ကောင်စီတပ်ဗျူဟာမှူးမကြာခဏ အပြောင်းအလဲပြုလုပ်နေ၍ ဒုတိယရဲမှူးကြီးဝင်းနိုင်အား သေနတ်ဖြင့်ပစ်သတ်သည့် ဗျုဟာမှူး အမည်ကို မသိရှိရသေးကြောင်းလည်း ရေဦးပကဖက ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောသည်။
“ဒါက အတွင်းကနေ ဖရဲသီးက ပေးတဲ့သတင်း။ တိတိကျကျရတဲ့ သတင်းပါ”ဟု ၎င်းကဆိုသည်။
ရေဦးနယ်အခြေစိုက် Ye.U Urban Gurrrilla အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကလည်း အဆိုပါပစ်ခတ်မှုတွင် စစ်သားနှစ်ယောက်ပါသေဆုံးခဲ့ကြောင်းကိုယခုကဲ့သို့ပြောသည်။ “ငယ်သားနှစ်ယောက်ရော သေတာပါဗျ။ သေတာသုံးယောက်ပါ။ အချင်းချင်း ပစ်တာလား၊ သတ်သေတာလား သေချာမသိရပါဘူးဗျ။ ငယ်သားနှစ်ယောက်က စစ်သားတွေလို့ ကြားသိရပါတယ်ဗျ” ။
စစ်ကောင်စီသည် နိုင်ငံတော် အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသောပြည်သူများကိုအကြမ်းဖက်ဖြိုခွင်းစေသည်မှစ၍ ရဲတပ်ဖွဲ့ကို ပြည်သူလူထုနှင့်ထိပ်တိုက်ရန်တိုက်ပေးခဲ့သည်။ သဘောထားတင်းမာသည့် စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့ကို နှိမ့်ချဆက်ဆပြီး စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ကြားတွင် မကြာခဏပြဿနာများစွာရှိနေသည်ဟု CDM ရဲအရာရှိအချို့က ပြောသည်။
မကွေးတိုင်းတွင် မကြာသေးမီလပိုင်းက စစ်သားက စခန်းမှူးကို ထိုးသောဖြစ်ရပ်လည်းဖြစ်ခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ကမကျေနပ်၍ စစ်သားကိုဝိုင်းဝန်းထိုးကြိတ်ခဲ့သဖြင့် အဆိုပါရဲများကို စစ်ကောင်စီကအရေးယူခဲ့သည်။
ထိုကြောင့်စစ်ကောင်စီတပ်၏အာဏာသိမ်းမှုကိုလက်မခံဘဲ ၊စစ်ကောင်စီဖိနှိပ်မှုကိုငုံမခံဘဲ ပြည်သူနှင့်ပူးပေါင်းလာသောရဲတပ်ဖွဲ့ဝင်များမှာ စသ်သားများထက်ပိုများသည်။
