စစ်ကိုင်းတိုင်း၊ ရေဦး-ခင်ဦးလမ်းပိုင်းနှင့် ရေဦး-ရွှေဘိုလမ်းပိုင်းများအား ယနေ့မွန်းလွဲပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တားမြစ်လိုက်သည်။
ယနေ့ (စက်တင်ဘာလ ၁၇ ရက်)နံနက်ပိုင်းမှစတင်ကာ ရေဦး-ခင်ဦးလမ်းပိုင်း၊ ရေဦး-ညောင်ပင်သာ-ရွှေဘို လမ်းပိုင်းများကို မည်သည့်ယာဥ်မှ ဖြတ်သန်းသွားလာခြင်းမပြုရန်နှင့် ခရီးသည်တင်ကားများ၊ ကုန်ကားကြီးများနှင့် ခရီးသွားပြည်သူများအားလုံး ရောက်သည့်နေရာ ရပ်နားထားပေးကြရန် ဒေသတွင်းအဖွဲ့များကသတိပေးကြေညာသည်။
ရေဦး၊ ခင်ဦး၊ ဒီပဲယင်း လက်ရှိမြေပြင်စစ်ရေးအခြေအနေကို အရေးပေါ်အနီရောင်အဆင့်သက်မှတ်ထားပြီးတင်းမာလျက်ရှိသောကြောင့် ခရီးသွားပြည်သူများ၏ လုံခြုံရေးအရ အထက်ဖော်ပြပါလမ်းပိုင်းများကို ယနေ့နံနက်ပိုင်းကစတင်ကာ ခေတ္တယာယီပိတ်ထားကြောင်း၊ သက်ဆိုင်ရာမြို့နယ် ကာကွယ်ရေးအဖွဲ့အစည်းများက တစ်စုံတရာမထုတ်ပြန်မချင်း ပူးပေါင်းပါဝင်လိုက်နာပေးကြရန် ဒေသတွင်းအဖွဲ့များကမေတ္တာရပ်ခံသည်။
မဖြစ်မနေ အရေးပေါ်သွားလာရမည်ဆိုပါက သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်တိုင်ပင်ပြီး ဂရုစိုက်ဖြတ်သန်းသွားလာကြရန် ဒေသတွင်းအဖွဲ့များကအသိပေးထားသည်။
လက်ရှိ ရေဦးမြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးထူထပ်စွာချထားပြီး မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အကြီးအကဲတစ်ဦးရဟတ်ယာဥ်ဖြင့်လာမည်ဟုသတင်းရထားကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။
