မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီအား စီစီတီဗွီမှတ်တမ်းများပေးနေသည့် တန်ပိုဂိတ်များအားလုံး အောက်တိုဘာ ၅ ရက်နောက်ဆုံးထားပိတ်သိမ်းရန် စဉ့်ကူးအခြေစိုက် သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးလိုက်သည်။
စဉ့်ကူးမြို့နယ်အတွင်းရှိ တန်ပိုစစ်ဆေးရေးတိုးဂိတ်များအနေဖြင့် တော်လှန်ရေးသမားများအားဖမ်းဆီးနိုင်ရေး စီစီတီဗွီ သတင်းအချက်အလက်များအား စစ်ကောင်စီတပ်နှင့်ရဲများထံရောက်ရှိစေရန် ပူးပေါင်းလုပ်ဆောင်နေသည်ဟု သိရကြောင်း စဥ့်ကူးအခြေစိုက် သမန်းကျားပြောက် ကျားတပ်ဖွဲ့က ယမန်နေ့စက်တင်ဘာလ ၁၆ ရက်နေ့တွင် အသိပေးသည်။
ထို့ကြောင့် စဥ့်ကူးမြို့နယ်ရှိ တန်ပိုဂိတ်များ အောက်တိုဘာ ၅ ရက် နောက်ဆုံးထားပြီး ဖျက်သိမ်းရန် သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။
“ဝန်ထမ်းများ တခြားအလုပ်ပြောင်းလုပ်ကြပါရန်တောင်းပန်အပ်ပါသည်။ ဆန္ဒပြစဥ်က လက်သုံးချောင်းထောင်ပြထားခြင်းအတွက် သက်ညှာပါသည်။ ဝန်ထမ်းများတခြားအလုပ် ရှာကြပါ။”ဟု သမန်းကျားပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းသည်။
ကြေညာချက်ကိုမလိုက်နာဘဲ ကန့်သတ်ရက် ကျော်လွန်ပါက တာဝန်မယူကြောင်း သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။
စဥ့်ကူးမြို့နယ်သည် မိုးကုတ်-မန္တလေးလမ်းပိုင်းပေါ်၌ တည်ရှိပြီး ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းသို့သွားသော စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလေ့ရှိသည်။
