စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ပေါ်ရှိ စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးဘဏ်အား မင်းကင်းပြည်သူ့ကာကွယ် ရေးတပ်ရင်း(၂)က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်း ရရှိသည်။
စက်တင်ဘာ ၁၂ ရက် နံနက် ၅နာရီက မင်းကင်းမြို့ပေါ်၌ စစ်ကောင်စီတပ်များ တပ်စွဲထားသော မြန်မာ့စီးပွားရေးဘဏ်အား ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၂)မှ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဒေသခံများနှင့် မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဥ်က ပြောသည်။
အဆိုပါဖြစ်စဉ်အပြီးတွင် မြို့တွင်း၌ စစ်တပ်ကတင်းကျပ်စွာ စစ်ဆေးခဲ့ပြီးသက်လတ်ပိုင်းအရွယ် ရှိ အမျိုးသားတစ်ဦးအား ဖမ်းဆီးသွားကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ ခြေရှုပ်နေပါက သတိထားသွားလာနေထိုင်ကြရန် မင်းကင်းနွေဦးတော်လှန်ရေးက သတိပေးသည်။
မင်းကင်းမြို့ပေါ်တွင် ကျေးတောင်ဦး၊ တင်ဘက်၊ ကံ၊ တောင်ယာတောမ စသည့်ရွာများရှိ ပျူများက လက်နက်များကိုင်ဆောင်ကာ ဟန်ရေးပြခြိမ်းခြောက် နေကြောင်း ဒေသခံများက ပြောသည်။
မင်းကင်းမြို့နယ် တောင်တွင်းဒေသတွင်လည်း စစ်ကောင်စီတပ်က ခြေရှုပ်နေပြီး TDPDF အဖွဲ့၏ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကျော်ငွေအားဖမ်းဆီးရရှိရန် တောင်တွင်းပျူများအား စည်းရုံးနေကြောင်း၊ ဦးကျော်ငွေအားဖမ်းမိပါက ပျူများအား ယခုထက်ပိုပြီး လက်နက်တပ်ဆင်ပေးမည်ဟု စည်းရုံးနေသည်ဟု ဒေသခံများက ပြောသည်။
