ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရဲတပ်ဖွဲ့ဝင်းရှေ့ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီး ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြော သည်။
ယနေ့နံနက် ၈ နာရီခွဲခန့်က ကမာရွတ် (၇)ရပ်ကွက်၊ ဗဟိုလမ်းမပေါ်ရှိ စည်ပင်သာယာရဲတပ်ဖွဲ့ဝင်းရှေ့တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာများအနက်မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံပြည်သူများက ပြောသည်။
အထက်ပါဖြစ်စဥ်အား စစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့က ဖော်ပြရာတွင် ဗုံးပေါက်ကွဲမှုကြောင်း မရင်နွယ်ဦး၊ မခင်နှင်းထက်၊ အငှားယာဉ်မောင်း ဦးကျော်ဆန်းဦးနှင့် ကားဆေးဘော်ဒီရုံမှ မောင်မင်းခိုင်လင်း စသည့်ပြည်သူလေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ဆိုသည်။
ထို့နောက် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ စစ်ကောင်စီတပ်မှ အင်အား ၅၀ဝန်းကျင်ခန့်ရောက်ရှိလာပြီး မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးနှစ်လုံးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဖော်ပြသည်။
အဆိုပါ စည်ပင်ရဲတပ်ဝင်းတည်ရှိရာ ဗဟိုလမ်းအား စစ်အုပ်စုက ပိတ်ဆို့ထားခဲ့ပြီး လမ်းသွားလမ်းလာယာဥ်များအား စည်ပင်ရဲတပ်ဝင်းရှေ့သို့ပေးမဖြတ်ဘဲ နောက်ပြန်လှည့်ခိုင်းသည်များရှိခဲ့သည်ဟု ပြည်သူအချို့က ပြောသည်။
စည်ပင်ရဲတပ်ဝင်းရှေ့ ပေါက်ကွဲမှုနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ဆိုခြင်းကို မသိရသေးပေ။
