မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့ပေါ်၌ ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကိုရှင်းလင်းခဲ့ကြောင်း ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ် (PDF)က သတင်းထုတ်ပြန်သည်။
ယနေ့(စက်တင်ဘာ ၁၄ရက်) နံနက် ၇နာရီခွဲခန့်တွင် ကျောက်ထု ရဲစခန်းမှ ဆိုင်ကယ်တစ်စီးဖြင့် ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်ဘက်သို့ ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်သားနှင့် ရဲတို့ကို ရဲစခန်းနှင့် ဂုံဘိုရပ်ကွက်အကြား ခြုံခိုစောင့်ကြိုကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း၊ ကျောက်ထု PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းရရှိမှု ရှိ၊မရှိကို ဖော်ပြမထားပေ။
