ဖွင့်ပွဲအခမ်းအနားတွင် NUG အစိုးရတာဝန်ရှိသူများ၏ပုံများ ချိတ်ဆွဲ
ကချင်ပြည်နယ် KIO/KIA ထိန်းချုပ်နယ်မြေတွင် ပညာရပ်စုံတက္ကသိုလ်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ဆင်မြင့်ထက်တွင် သမ္မတဦးဝင်းမြင့်၊ ယာယီသမ္မတဒူဝါလရှီးလ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့၏ ဓာတ်ပုံများကို ချိတ်ဆွဲထားသည်။

ယမန့်နေ့ (စက်တင်ဘာ ၁၂ ရက်) Kachin State Comprehensive University ပညာရပ်စုံတက္ကသိုလ်ကို ကချင်ပြည်နယ် လိုင်ဇာတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ တက္ကသိုလ်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် KIO ပညာရေးဌာနတို့ ပူး ပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ ကချင်လွတ်လပ်ရေးအစိုးရ ဒုတိယဥက္ကဌနှင့် ကချင်အမျိုးသားပညာရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်၊ KIO ပညာရေးဌာနတာဝန်ခံနှင့် တာဝန်ရှိသူများ၊ KIOဌာန အသီးသီးမှတာဝန်ရှိသူများ၊ တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အခြားသော ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်ဟု ဖော်ပြသည်။


ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ကို ကချင်ပြည်နယ်အတွင်းရှိ အဆင့်မြင့်ပညာအဖွဲ့အစည်း တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းရှစ်ခုကိူ ပေါင်းစည်း၍ ဖွဲ့ စည်းထားခြင်းဖြစ်ပြီး KIO ပညာရေးဌာန၏ အထက် တန်းစာမေးပွဲအောင်မြင်သူများ ပထမနှစ်သင်တန်းများသို့ တိုက်ရိုက် တက်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
