စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၂၀ ဦးထက်မနည်းသေဟုဆို
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်မျက်နှာပြင်စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း အသိပေး
ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်ထောဝ်ဒေသရှိ စစ်ကောင်စီစခန်းနှစ်ခုကို မဟာမိတ်တပ်ရင်း (၅)ရင်းမှ ထိုးစစ်ဆင်ခဲ့ပြီး စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF)က ယနေ့ (စက်တင်ဘာ ၁၃ ရက်) ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဥ်အရ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ယမန်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ညီညွတ်သောရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါစစ်ဆင်ရေးအား တပ်ပေါင်းစု၀င် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၄)ရင်းနှင့် PNDF (ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်) တို့မှ စစ်ကောင်စီစခန်းနှစ်ခုကို စစ်ကြောင်း လေးကြောင်းခွဲကာ (၅) ရင်းတစ်ဗျူဟာပုံစံဖြင့်တစ်ပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ၂၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြသည်။
နောင်ထောဝ်ဂိတ်စခန်းရှိ ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ကြီးတစ်ဦး စနိုက်ပါကျည် ထိမှန်သေဆုံးခဲ့ပြီး စနိုက်ပါတပ်စုလက်ချက်ဖြင့် စုစုပေါင်းစစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီ စခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း မဟာမိတ်များဘက်မှ ကျည်အင်အား လုံလောက်မှုအားနည်းခြင်း၊လက်နက်ကြီးမလုံ လောက်ခြင်း၊ ရန်သူဘက်မှ စက်သေနတ်ပစ်ကူများ၊ လက်နက်ကြီး ပစ်ကူများအဆက်မပြတ်ပစ်ခတ်နေခြင်းအပါအဝင် စစ်ကူတိုက်လေယာဥ်မှ ၆ ကြိမ်လာရောက်ဗုံးကြဲပစ် ခတ်ခြင်းများရှိခဲ့၍ ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်ဟု ဆိုသည်။
စစ်ကောင်စီ၏ စစ်ကူအဖြစ်ပါဝင်နေသော PNO ပြည်သူ့စစ်အနေဖြင့်လည်း တိုင်းရင်းသားအား လုံး၏ ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ် ကို ဆန့်ကျင်၍ နောင်တစ်ချိန်တွင် ပြည်သူများဘက်မှ ရပ်တည်သွားမည်ဟုလည်းယုံကြည်မိကြောင်း PNDF က ပြောသည်။
ယမန်နေ့က ထိုးစစ်ဆင်မှုတွင်အမှတ် (1005) တပ်ရင်း၊အမှတ် (1008) တပ်ရင်း(SSRY)၊အမှတ်1009 တပ်ရင်း(ယခင် အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF)၊NUGလက်အောက် ခံတပ်ရင်းတစ်ရင်း နှင့် ပအိုဝ်းအမျိုးသားကာ ကွယ်ရေးတပ်(PNDF) တို့ပူးပေါင်းထားသည့်

မဟာမိတ်တပ်ရင်း၅ရင်း ပူးပေါင်းပြီး ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု (United Southern Shan Federal Union – USSFU) က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲတွ် အမှတ် (၁၀၀၅)တပ်ရင်း၏ ၇၉ ဗုံးသီးလက်နက်ပျက်စီးဆုံးရှုံးခဲ့ပြီး ပစ်ခတ်သူ ရဲဘော်တစ်ဦး လက်ထိခိုက်ဒဏ်ရာနှင့် အခြား NUGလက်အောက်ခံ တပ်ရင်းမှရဲဘော်တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် USSFU အနေဖြင့် စစ်မျက်နှာပြင်စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
