လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦး အပါ အဝင်ထိခိုက်သေဆုံးသူ လေးဦးထက်မနည်းရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်းများက ယနေ့ (စက်တင်ဘာ ၁၃ ရက်) ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဥ်များအရ ယမန်နေ့ နံနက် ၈ နာရီ ၄၅မိနစ်ခန့်တွင် လွိုင်ကော်မြို့ ကယန်းသာယာကျေးရွာအနီးရှိ စစ်ကောင်စီတပ်ကို KNDF တပ်ရင်း (၂) နှင့် တပ်ရင်း (၁၄)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် အထိအခိုက်များရှိခဲ့ကြောင်း ဖော်ပြသည်။

အလားတူ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲကျေးရွာတွင် ကင်းထောက်နေစဉ်အတွင်း စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း KNDF တပ်ရင်း(၅)က အသိပေးသည်။
RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်သား လေးဦးခန့်သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ကြောင်း KNDF တပ်ရင်း (၅)က ပြောသည်။တိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ရဲဘော်များမှလည်း လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“အဓိကတော့ စကစရဲ့ နယ်မြေစစ်ထိုးမှုကို ကျွန်တော်ဟန့်တားနေတယ်။ ဒီအပိုင်းမှာလည်း လက်နက်ကြီးပစ်ကူကို ကျွန်တော်တို့ အနေနဲ့ အစွမ်းကုန်ထိရောက်အောင် လုပ်နေတယ်”ဟု KRUတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးပစ်ကူ အနည်းဆုံး (၂) ကြိမ်ခန့် ပြန် လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းအဖွဲ့သားများသည် နေ့လည် ၂နာရီခန့်တွင် အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
