စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ဘဲ ရာထူးတာဝန်များမှ နှုတ်ထွက်အလင်းဝင်ကြရန် တမူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့(စက်တင်ဘာ ၁၁ရက်) ထုတ်ပြန်သည်။
အမိန့်ကြေညာချက်ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက စစ်ကောင်စီ၏ ထောက်တိုင် လက်ကိုင်တုတ်များအဖြစ် သတ်မှတ်၍ ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးလိုက်သည်ဟု ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် Non-CDM ဝန်ထမ်းများ အလင်းဝင်ရေး အမိန့်ထုတ်ပြန်ရန်အတွက် စက်တင်ဘာ ၆ရက်ကတည်းက သက်ဆိုင်ရာမြို့နယ်များသို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ရာ စစ်ကိုင်းတိုင်းရှိ အခြားမြို့နယ်များကလည်း Non-CDM ဝန်ထမ်းများ အလင်းဝင်ရန်အမိန့်များ ထုတ်ပြန်နေသည်ကို တွေ့ရသည်။
စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် အလင်းဝင်ကြရန် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ယနေ့ (စက်တင်ဘာ ၁၂ရက်) အမိန့်ထုတ်ပြန်ကြေညာသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာန၏ စက်တင်ဘာ ၆ရက် ညွှန်ကြားချက်အရ ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် ရွှေဘိုမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်အလင်းဝင်ရန် ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ကြေညာထားသည်။
