စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲကင်းစခန်းမှ ရဲနှစ်ဦးစျေးဝယ်ထွက်လာချိန်PDFများက ပစ်ခတ်တိုက်ခိုက်ရှင်းလင်းခဲ့၍ သေနတ်နှစ်လက်သိမ်းဆည်းရရှိသွားကြောင်း Monywa Lighting PDFက ပြောသည်။
ယနေ့ (စက်တင်ဘာလ ၁၂ရက် )နံနက် ၇ နာရီခွဲခန့်က မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာရဲကင်းစခန်းမှ ရဲနှစ်ဦး စျေးဝယ်ထွက်လာချိန် မုံရွာခရိုင်တပ်ရင်း(၇)- Lightning People Defence Force မှ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၅)တို့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့များက သတင်းထုတ်ပြန်သည်။
ပစ်ခတ်ချိန် စက္ကန့်၂၀မျှသာကြာမြင့်ပြီး ရဲနှစ်ဦးစလုံးသေဆုံးကာ G-3တစ်လက်၊ UZI တစ်လက် ရရှိကာ PDFများအထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Lightning People Defence Force အဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Monywa Lightning PDF အဖွဲ့ တာဝန်ရှိသူက “သူတို့စျေးဝယ်ထွက်အလာကိုစောင့်ပြီး တိုက်ခိုက်တာပါ။ စစ်ကောင်စီလက်ခံအောက် စခရခ မှန်သမျှ ပြတ်ပြတ်သားသား လုပ်ဆောင်သွားပါမယ်။”ဟု ပြောကြားသည်။
ထို့ပြင် ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားစဥ် ထွက်ပြေးခဲ့သည့် ပြည်သူနှစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
မုံရွာမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မုံရွာ-အမြင့်လမ်းတွင် စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။
