မိုးဗြဲမြို့တိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ပြည်သူ့ရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနားကို ယနေ့(စက်တက်ဘာ ၁၂ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးက ထုတ်ပြန် သည်။
ယမန်နေ့(စက်တင်ဘာ ၁၁ ရက်)က မိုးဗြဲတိုက်ပွဲ၌ မြို့ပြတော်လှန်ရေးတပ်ဦး (URF) မှ ရဲဘော် အောင်စာ (ခ)ဘီစိန်ရှို နှင့် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂)မှ ရဲဘော် ဟင်နရီ (ခ) ရီးရယ်တို့ နှစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။
ယခုလ ၈ ရက်ကစတင်ခဲ့သည့် မိုးဗြဲမြို့တိုက်ပွဲတွင် ယမန်နေ့ ညပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ သေဆုံးသူ ၆၀ထက်မနည်းရှိကြောင်း မိုးဗြဲ PDFက ဆိုသည်။
ထို့အပြင် MA1 – ၃ လက်၊ MA2 – ၃ လက်၊ MA3 – ၆ လက်၊ ငါးကြင်းမှီး – ၁ လက် အပါအဝင် လက်နက်ကြီးကျည်များ လက်ပစ်ဗုံး၊နင်းမိုင်း၊ RPG အသီး နှင့် ကျည်များသိမ်းဆည်းရရှိထားသည်။
ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရအရေးပါသည့် မိုးဗြဲမြို့၌ အကြမ်းဖက်စစ် ကောင်စီက တပ်စွဲနိုင်ရန် ကြိုးပမ်းနေသည့် ထိုးစစ်ကို ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF နှင့် KRU တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်နေကြောင်း အသိပေးသည်။
တိုက်ပွဲမှာ ဆက်လက်ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲလမ်းမကြီးကို အသုံးမပြုရန် ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက ထုတ်ပြန်ထားသည်။
