ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ခန်းမတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း ရွှေပြည်သာ မြေအောက် တော်လှန်ရေးအဖွဲ့(SPTUG)အဖွဲ့က ယနေ့(စက်တင်ဘာ ၁၁)ထုတ်ပြန်သည်။
ယနေ့ညနေ ၆ နာရီ ၃၅ ခန့်က မြို့နယ်ခန်းမ၌တပ်စွဲထားသော စစ်ကောင်စီတပ်များ အပြင်သို့ထွက်လာချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“စခ အသေအပျောက် ရှိနိုင်ပါတယ်။ ဒါပေမဲ့ မှောင်နေတာရယ် မိုးရွာနေတာရယ်ကြောင့် အတိအကျတော့ မငိရသေးပါဘူး”ဟု SPTUG အဖွဲ့မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

ရွှေပြည်သာမြို့နယ်ခန်းမတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဒေသခံပြည်သူများ စီးနင်းသော ဆိုင်ကယ်များအား နေ့စဥ် မတရားသဖြင့်ဖမ်းဆီးကာ အနိုင်ကျင့် နှိပ်စက်နေခြင်း၊ ဖမ်းဆီးထားသော ဆိုင်ကယ်များအား ရပ်ကျေး၊ ဒလန်များထံသို့ပြန်လည် ရောင်းချခြင်းစသည့်လုပ်ရပ်ဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် နှိပ်စက်အနိုင်ကျင့်နေခြင်းများကြောင့် လက်တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။
အထက်ပါ တိုက်ခိုက်မှုအတွင်း SPTUG အဖွဲ့များ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ လုံခြုံဘေးကင်းရာသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း အသိပေးထားသည်။
စက်တက်ဘာ ၆ ရက်ကလည်း ရွှေပြည်သာမြို့နယ် (၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား တော်လှန်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့သည်။
