စစ်ကိုင်းတိုင်း၊ ရေဦး – တန့်ဆည် လမ်းပိုင်းအား ယာယီပိတ်ထားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ညနေပိုင်းတွင် အသိပေးကြေညာသည်။
ခရီးသွားပြည်သူများအတွက် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သောကြောင့် ဖြတ်သန်းသွားလာခြင်းအား ခေတ္တရပ်နားပေးထားရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံသည်။
စစ်ကောင်စီတပ်သည် ရေဦး-တန့်ဆည်လမ်းပေါ်ရှိ ခပေါင်းကြိုင်ရွာတွင် ယမန်နေ့ (စက်တင်ဘာ၁၀ ရက်) နံနက် ၁၁နာရီခန့်က စတင်ဝင်ရောက်လာပြီး တပ်စွဲထားခဲ့ကြောင်း၊ခပေါင်းကြိုင်ရွာ အပါအဝင် အနီးနားကျေးရွာများက ပြည်သူများ စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ရေဦးမြို့အဝင်တွင်လည်း စစ်ကောင်စီတပ်က အကြမ်းဖက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ရပ်ကျေးထောက်ခံချက်မပါပါက ဖြတ်သန်းခွင့်မပြုကြောင်း နယ်ခံများက ပြောသည်။
