စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်၊ စစ်ကောင်စီတပ်စွဲရာနေရာအနီးရှိ ရွှေဆိုင်တစ်ဆိုင် ယနေ့နံနက်ပိုင်းက ဓါးပြတိုက်ခံရပြီး ရွှေဆယ်ပိဿာကျော် ပါသွားကြောင်း မုံရွာဒေသခံများက ပြောသည်။
ယနေ့ စက်တင်ဘာလ ၁၁ရက်နေ့ နံနက် ၁၁နာရီ ၂၀မိနစ်ဝန်းကျင်က မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်မီးပွိုင့်အနီးရှိ သိန်းတရာရွှေဆိုင်အား လူငါးဦးက ရောက်ရှိလာကာ သေနတ်ပြပြီး ရွှေများသိမ်းယူသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
” လူ ၅ဦးက အိမ်စီးကားနဲ့ ရောက်လာပြီး ပထမတယောက်က ရွှေဝယ်ချင်လို့ ဆိုပြီး ဆိုင်ထဲကို ဝင်လာတယ်။ ကျန်လေးယောက်က နောက်ကနေ သေနတ်ပြပြီး အနုကြမ်းစီးတာ။ အဲဒီကားက အထက(၁)ကျောင်းဘက် မောင်းသွားပြီး ပုံစံတူကားတစ်စီးမှာ အသင့်စောင့်ပြီး မောင်းသွားတယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဓါးပြတိုက်ခံရသည့် ရွှေဆိုင်နေရာသည် မုံရွာမြို့လယ်တွင် တည်ရှိပြီး မနီးမဝေးတွင် စစ်ကောင်စီတပ် တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။ထိုအပြင် အဆိုပါရွှေဆိုင်အနီး ရှိပေါ်တော်မူ မီးပွိုင့်တွင်လည်း.စစ်သားများရှိနေတက်ပြီး ယာဥ်ထိန်းကင်းတဲနှင့်ရွှေဆိုင်မှာလည်း ခြေလှမ်း ၁၅ လှမ်းဝန်းကျင်သာဝေးသည်။ထိုကြောင့်စစ်ကောင်စီတပ်သားများအနီးတွင်ရွှေဆိုင်ဓါးပြတိုက်သွားခြင်းဖြစ်၍ စစ်ကောင်စီတပ်ပါဝင်ပတ်သပ်မှုရှိမည်ဟုဒေသခံများကထင်မြင်နေကြသည်။
“စစ်သားတွေတပ်စွဲထားတဲ့နေရာနား၊ယာဥ်ထိန်းရုံးနားကရွှေဆိုင်ကိုမှဓါးပြတိုက်တာ သူတို့ပဲနေမှာပဲ”ဟုဒေသခံတစ်ဦးကပြောသည်။
မုံရွာမြို့တွင် စစ်တပ်အာဏသိမ်းပြီးနောက် ဓားပြတိုက်လုယက်မှုများ ပိုမိုဖြစ်ပွားလာပြီး ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း မုံရွာမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်တစ်ဆိုင် ဝင်စီးခံရပြီးနောက် ဆိုင်ကယ်များစွာ သိမ်းယူသွားခဲ့ဖူးသည်။
