စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူများအား ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံချက်ပါမှ မြို့အပြင်ထွက်ခွင့်ပြုကြောင်း ဒေသခံများက ပြောသည်။
ရေဦးမြို့ ကြာဖူးအဝိုင်းဂိတ်ရှိ စစ်ကောင်စီတပ်သည် ခင်ဦး – ရွှေဘို – မန္တလေးမြို့ဘက်သို့ သွားရောက်ကြမည့် ကား၊ဆိုင်ကယ်၊ ခရီးသွားပြည်သူများအား မှတ်ပုံတင်ပါရုံဖြင့် ခရီးသွားလာခြင်းများ လုံးဝခွင့်မပြုကြောင်း၊ စစ်ကောင်စီက ခန့်ထားသည့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက် လက်မှတ်ပါရှိမှသာ ခရီးသွားလာခွင့်ပြုကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ကြားဖူးအဝိုင်း၌ ခရီးသွားပြည်သူများအား မှတ်ပုံတင်နှင့် ရပ်ကျေးထောက်ခံစာပါ၊မပါ နေ့စဥ်စစ်ဆေးနေပြီး မပါပါက ငွေညှစ်ခြင်း၊ ဖြတ်သန်းခွင့်မပြုခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံတို့က ပြောသည်။
“ငယ်တဲ့သူတွေဆိုရင် မှတ်ပုံတင်ထဲကမွေးသက္ကရာဇ်ကို ရက်လအတိအကျပြောနိုင်မှလွှတ်ပေးတာပါ။”ဟု ရေဦးဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ရေဦးမြို့ရှိ ကြာဖူးအဝိုင်းအပြင် မူးတံတားအရှေ့ဘက် ခင်ဦးနယ်အနောက်ခြမ်း အင်းပတ်ကွေ့(အင်းပတ်ရွာအနီး)ရထားသံလမ်းကူးတို့တွင် ဂိတ်ဖွင့်ထားပြီး ခရီးသွားပြည်သူများအား စစ်ဆေးအကြမ်းဖက်လေ့ရှိကြောင်း ဒေသခံတို့က ပြောသည်။
ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် ယင်းဂိတ်များကို အထူးဂရုစိုက်၍ ဖြတ်သန်းသွားလာကြပါရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။
ရေဦးနယ်သည် စစ်ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်မှု အားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီ၏ မြို့ပြင်ဂိတ်နှင့် မြို့တွင်းတပ်စွဲရာနေရာများပါ မကြာခဏ တိုက်ခိုက်ခံနေရသည်။
