အများပြည်သူ လုံခြုံစွာသွားလာနေထိုင်နိုင်ရန်ရည်ရွယ်၍ ထီးလင်းမြို့နယ်အတွင်းတွင်လုံခြုံရေးဂိတ် ၄ ဂိတ်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း YDF-Htilin ကယနေ့(စက်တင်ဘာ ၁၀ ရက်)တွင် ထုတ်ပြန်သည်။
အဆိုပါ ဂိတ်များတွင် မည်သည့် အခကြေးငွေမျှ တောင်းယူကောက်ခံမည်မဟုတ်ဘဲ ပြည်သူ့လုံခြုံရေးကိုသာ ဆောင်ရွက်မည်ဟုအသိပေးသည်။
ပြည်သူများအနေဖြင့်လည်းလုံခြုံရေးအရစစ်ဆေးမေးမြန်းပါက ကြည်ဖြူစွာ ပူးပေါင်းဆောင် ရွက်ပေးကြရန်လည်းမေတ္တာရပ်ခံသည်။

“တစ်ဂိတ်ကို တပ်စိတ်တစ်ခုနဲ့ လုံခြုံရေးယူထားတယ်ဗျ။အရင်ကတော့ ဂိတ်တွေမဖွင့်နိုင်ဘဲ ကင်းပုန်းဝပ်ပြီး လုံခြုံရေးယူနိုင်ခဲ့တာပဲရှိတယ်။အခုက နယ်မြေအနေအထားအရရော ဒေသတွင်း လုံခြုံရေး စိစစ်နိုင်ဖို့ လုပ်ဆောင်တာ”ဟု YDF Htilin တာဝန်ရှိသူက People’s Springသို့ပြောသည်။
ထို့အပြင် စစ်ကောင်စီနှင့်ဆက်စပ်ပတ်သက်သည့်တားမြစ်ကုန်ပစ္စည်းများသယ်ဆောင်ရောင်းဝယ်ခြင်းများမပြုလုပ်ရန်နှင့် ဂိတ်များတွင် တပ်ဖွဲ့ဝင်များအား ငွေကြေးပေးဆောင်ခြင်းမပြုလုပ်ကြရန် အသိပေးသည်။


အခွန် နှင့် အလှူငွေ ကိစ္စများကို YDF-Htilinရုံးသို့သာ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးကြရန်လည်း ဖော်ပြသည်။
ထို့အတူတပ်ဖွဲ့ဝင်များမှ စစ်ဆေးမေးမြန်းရာတွင် ရိုင်းစိုင်းမှု၊ခြိမ်းခြောက်မှုနှင့်ငွေကြေးတောင်ခံမှုများရှိခဲ့ပါကသက်ဆိုင်ရာအကြီးအကဲများနှင့် YDF-Htilin ရုံးသို့ တိုင်ကြားပေးရန် တောင်းဆိုသည်။
