ကရင်နီ(ကယား)ပြည်နယ်ရောက်တပ်မ ၆၆ မှ တပ်ရင်းမှူး သုံးဦးသာကျန်ရှိပြီးတပ်ဖွဲ့စည်းပုံပျက်သည့်အထိ အခြေနေဆိုးနေကြောင်းကရင်နီတပ်မတော် KA ကယနေ့(စက်တင်ဘာ၁၀ ရက်)တွင်ထုတ်ပြန်သည်။
အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းကရင်နီဒေသသို့စစ်ကူအဖြစ်တပ်ရင်းခြောက်ရင်းအား ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မ ၆၆ မှ တပ်မမှူးမျိုးမင်းက ဦးဆောင်လာခဲ့သည်ဟု ဖော်ပြထားသည်။
ထိုတပ်ရင်းခြောက်ရင်းနှင့် ဒေသခံစစ်ကောင်စီတပ်အား ကရင်နီတပ်မတော်(KA)အပါအဝင် ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF နှင့် PDF တပ်များက ခုခံတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ပြုလုပ်ခြင်း နှင့်အခြား စစ်ဗျူဟာ အဝဝကိုပြန်လည်ချေမူန်းတိုက်ခိုက်နိုင်ခဲ့ကြောင်းဖော်ပြထားသည်။



“တပ်မမှူး မျိုးမင်းအပြင်းအထန် ဒဏ်ရာရခဲ့သည့်အပြင် တပ်မမှူး အစားထိုးခဲ့ရသည့်အထိ ဖြစ်ပေါ်ခဲ့ရပါသည်”ဟု KA က ပြောသည်။
ထို့အပြင် ဖရူးဆို တိုက်ပွဲ၌ တပ်ရင်းမှူး တစ်ဦးထပ်မံ သေဆုံးခဲ့ပြီး ကျန်တပ်ရင်းမှူး ၂ ဦးမှာလည်း ကရင်နီရှိ အခြားတိုက်ပွဲတွင် ဒဏ်ရာ ရခဲ့သဖြင့် တပ်ရင်းမှူး ၃ ဦးသာ ကျန်ရှိတော့ကြောင်းလည်းသိရသည်။
ထိုအပြင်ကရင်နီပြည်ရောက် တပ်မ ၆၆ သည် မကြာသေးသည့် ရက်အနည်းငယ်အတွင်းမှာလည်း နောက်ထပ်တပ်ရင်းမှူးတစ်ဦး အလုပ်တာဝန် ထမ်းဆောင်လိုစိတ်မရှိဟုတင်ပြခဲ့ရာကြီး လေးသော ပြစ်ဒဏ်ကျခံစေရေးအတွက်နောက်တန်းသို့ ပြန်လည်ပို့ဆောင်ခြင်းခံရသည်ဟု KAကဖော်ပြထားသည်။
လောက်ကိုင်တိုက်ပွဲ နှင့် ရခိုင် ပြည်နယ်တိုက်ပွဲ များတွင် နာမည်ကြီးခဲ့သည့် တပ်မ ၆၆ သည် ကရင်နီပြည်တွင် အခြေနေဆိုးနှင့်ကြုံခဲ့ရကြောင်း KA က ပြောသည်။

သီးခြားစစ်ရေးသတင်းရင်းမြစ်များအရ တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးကြီးကျော်လင်းအောင်ကို စစ်ကောင်စီတပ်ကအနားပေးခဲ့သည်ဟု ယမန် နေ့က သတင်းထွက်ပေါ်ထားသည်။
တပ်မ ၆၆ သည် ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အင်းမမြို့အခြေစိုက် ခမရ ၄၊ ခမရ ၅၊ ခလရ ၈၀၊ မင်းလှအခြေစိုက် ခလရ ၁၊ ပြည်မြို့အ ခြေစိုက် ခလရ ၁၄၊ အုတ်ဖိုအခြေစိုက် ခမရ ၆၊ ပေါင်းတည်အခြေစိုက် ခမရ ၁၀၊ သာယာဝတီအခြေ စိုက် ခလရ ၃၅၊ ဓနုဖြူအခြေစိုက် ခမရ ၁၀၈၊ ပုသိမ် ဝါးယားချောင်းအခြေစိုက် ခလရ ၁၁ စတဲ့ တပ်ရင်း ၁၀ ရင်းကို ကွပ်ကဲရသည့် ခြေမြန်တပ်မဌာနချုပ်တစ်ခုဖြစ်သည်။


ကရင်နီဒေသသို့ စစ်ထိုးလာသည့် တပ်မ ၆၆လက်အောက်ခံတပ်များမှ အရှင်ဖမ်းမိ သည့် စစ်ကောင်စီတပ်သားများအပါအဝင် CDM ဝင်လာသည့် တပ်သားစုစုပေါင်း တပ်သား ၁၀၀ ခန့်ရှိနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ် များက ပြောသည်။
