စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အကျဥ်းဦးစီးဌာနမှ အရာရှိတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း Fight For People F.F.P ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(စက်တင်ဘာ ၉ ရက်)က အကျဉ်းထောင်များကြီးကြပ်ရေးအဖွဲ့၏ အင်ဂျင်နီယာ-ဒုကြီးကြပ်ရေးမှူး အကျဉ်းဦးစီးဌာန နှစ်ပွင့်ဗိုလ်မျိုးညွန့်အောင် ကိုယ်ပိုင်နံပါတ် က-၃၃၈၆ကို မုံရွာမြို့နယ်၊ သာစည် ကျေးရွာတွင် အသစ်ဆောက်လုပ်နေသောအကျဉ်းထောင်မှ တိတ်တဆိတ်ထွက်ခွာလာချိန် သာစည်လမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင်တပ်ရင်း( ၂ )တပ်ခွဲ (၄) Fight For People F.F.P ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။


ဖမ်းဆီးရမိသည့် အကျဥ်းဦးစီးအရာရှိအား မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို ထုတ်ပြန် ချက်တွင် အသိပေးထားခြင်း မရှိပေ။
ထိုဖြစ်စဥ်နှင့်ပတ်သက်၍ Fight For People F.F.P ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ် မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
မုံရွာအကျဥ်းထောင်သည် နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးအကျဥ်းချခံခဲ့ရသူများအား ထောင်တွင်းဖိနှိပ်အကြမ်းဖက်မှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် ဧပြီ၃ ရက်ကလည်း ထောင်တွင်းဆန္ဒပြမှုဖြစ်ပွားရာ ပစ်ခတ်ဖြိုခွင်းခဲ့၍ လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သေးသည်။
