ကန့်ဘလူမြို့မှ (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူငယ်လေးဦးကို ဖမ်းဆီးသွား
စစ်ကောင်စီတပ်သည် မကွေးတိုင်း ရေစကြိုမြို့မှ အသက်(၁၁)နှစ်အရွယ် ကလေးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှ အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူငယ်လေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ရေစကြိုမြို့နယ် ဇီးကုန်းကျွန်းရွာမှ (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦးကို စက်တင်ဘာ ၈ရက်တွင် သေနတ်ဖြတ်ပစ်သတ်ပြီး ရုပ်လောင်းကို မီးရှို့ သွားသည်ဟု ဒေသခံများက ပြောသည်။အဆိုပါ ကလေးငယ်သည် ရွာအတွင်း စစ်ကောင်စီတပ်ဝင်လာစဥ် ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခံရခြင်းဟု ဆိုသည်။

“ကျွန်မ မောင်လေးပါ။ ပြေးလို့သတ်တာတဲ့”ဟု သေဆုံးသူကလေးငယ်၏ အစ်မဖြစ်သူက ပြောသည်။
စစ်ကောက်စီတပ်သည် ရေစကြိုမြို့မှ ဇီးကုန်းကျွန်းရွာအပြင် ငတရော်ရွာကိုလည်း အကြမ်းဖက်ဖျက်ဆီးခဲ့ပြီး ဒေသခံများပိုင်ဆိုင်သည့် လယ်ယာသုံးစက်ပစ္စည်းများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။
ထို့အပြင် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်ကိုလည်း စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်နေသည်။ ကိုးတောင်ဘို့တိုက်နယ် ဇီးကနားကျေးရွာမှ အသက်(၁၇)နှစ်အရွယ် မသဇင်မိုးအပါအဝင် လူငယ်လေးဦးကို စက်တင်ဘာ ၈ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်။ဖမ်းဆီးခံရသူလေးဦးစလုံးအတွက် ဒေသခံများက စိတ်ပူနေကြသည်။

“ကလေးတွေအပေါ် မယုတ်မာပါစေနဲ့လို့ ဆုတောင်းနေရတယ်။အရမ်းစိတ်ပူနေရပြီ “ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ကိုးတောင်ဘို့တိုက်နယ်အတွင်း လေကြောင်းမှတဆင့် အင်အားအများအပြားတိုးချထားသည်။
