စစ်ကောင်စီတပ် ဗိုလ်ကြီးအဆင့်အပါအဝင် ၆ ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းမိခဲ့ပြီးတဲ့နောက် လက်နက်ခဲယမ်းတွေပို့ပေးတဲ့ တပ်မ ၄၄ ကိုကျေးဇူးတင်ကြောင်းကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးက ဆိုရှယ်မီဒီယာမှာ တင်ထားပါတယ်။
“တပ်မ(၄၄)က ပို့လိုက်သောလက်နက်ခဲယမ်းများ Cobra စစ်ကြောင်းမှူးမှ ကောင်းမွန်စွာလက်ခံရရှိပြီး အထူးကျေးဇူးတင်ကြောင်း”ဆိုတဲ့စာသားနဲ့ ကော်ဘရာစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး စောကေက လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။
စက်တင်ဘာ(၉)ရက်နေ့ မနက်ပိုင်းက မြ၀တီ-ဝေါ်လေ လမ်းအတိုင်းကျူးကျော်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၀၂)က ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် ခြောက်ဦးကို လက်နက်ခဲယမ်းတွေနဲ့တကွ လူခို့အနီးမှာ KNLA တပ်ရင်း(၂၇)နဲ့ ကော်ဘရာစစ်ကြောင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်ပြီးတဲ့နောက် ဒီကနေ့ စက်တင်ဘာ(၁၀)ရက်နေ့ မနက်အစောပိုင်းမှာ ကော်ဘရာစစ်ကြောင်းလုံခြုံရေးတာဝန်ယူထားတဲ့ ဘလက်တိုကျေးရွာအနီးရှိနေရာတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်သွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းထံကနေ သိရပါတယ်။
