▪︎လက်နက် ၆လက်နှင့် ခဲယမ်း၊ ကျည်အများအပြားသိမ်းဆည်းရမိ
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် ရိက္ခာနှင့် ခဲယမ်းများ လာပို့သည့် ဗိုလ်ကြီး ဦးစီးသည့် စစ်ကောင်စီတပ်ကို ဖမ်းမိခဲ့ကြောင်း ဒူးပလာယာခရိုင်နှင့် ကော်ဘရာစစ်ကြောင်းတို့က သတင်းထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာ ၉ရက်နံနက်က ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တောနော်အရှေ့ဘက်ခြမ်း မြဝတီ၊ ဝေါ်လေ လမ်းမပေါ်ရှိ လူခို့ဒေသတွင် အင်အား ၆ဦးပါသည့် စစ်ကောင်စီတပ်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။
အာဏာသိမ်းစစ်ကောင်စီတပ် (ခမရ- ၁၀၂) တပ်မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသည့် အဖွဲ့ ကို KNU လက်အောက်ခံနယ်မြေခံ KNLA တပ်ရင်း (၂၇)နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ဖမ်းမိခဲ့ရာသိမ်းဆည်းရမိသော လက်နက်များမှာ MA-3(၂)လက်, MA -1(၁)လက်, MA-2(၁) လက်, MA-4(၁)လက်, MA-5(၁) လက်၊ ကျည်အိမ် မဂ္ဂဇင်း ဘောက် (၁၇)ချပ်, ဘောက်အဝိုင်း (၁) ချပ်, လက်ပစ်ဗုံး (၂)လုံး, BSA 1 Scope (၁)လုံး, 5.56 ကျည်(၆၀၀)တောင့်, 40-mm ဗုံးသီး (၂၀၀)လုံး, 60-mm ဗုံးသီး (၂၀၀) လုံး တို့ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ရိက္ခာခြောက် မမခေါက်ဆွဲ (၁၂) အိပ် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကော်ဘရာ စစ်ကြောင်းကလည်း သတင်းထုတ်ပြန်ရာ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ဂျီနီဗာကွန်ဗန်းရှင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု အသိပေးထားသည်။
