Wave Money ဆိုင်များမှ ငွေလွဲ၊ငွေထုတ် ဝန်ဆောင်မှုများအတွက် မှတ်ပုံတင်မဖြစ်မနေ ယူဆောင်လာပြီး အချက်အလက်အပြည့်အစုံဖြည့်တင်းရမည်ဟု Wave Money မိုဘိုင်းငွေရေးကြေးရေးကုမ္ပဏီက ယနေ့ ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီက မိုဘိုင်းဖုန်းအသုံးပြု ငွေရေးကြေးရေးကုမ္ပဏီများအား ငွေလွဲ၊ ငွေထုတ်သူများ၏ ကိုယ်ရေးအချက်အလက်ရယူရန်နှင့် ဓာတ်ပုံခိုးရိုက်ထားရန်ဟူသော အစရှိသည့် စည်းကမ်းများတင်းကြပ်ပြီးနောက် Wave Moneyကုမ္ပဏီဘက်က ယနေ့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“ယခုကစပြီး ပိုမိုလုံခြုံစိတ်ချရသော Wave Money ငွေလွဲခြင်း၊ ငွေထုတ်ခြင်း လုပ်ငန်းများအားလုံးအတွက် မှတ်ပုံတင် ယူဆောင်လာဖို့ လုံးဝ(လုံးဝ) မမေ့ကြနဲ့နော်”ဟု Wave Money က ဆိုသည်။
ငွေလွဲ/ငွေထုတ်ပြုလုပ်ရာတွင် မှတ်ပုံတင်ယူရမည်ဟူသော ကြေညာချက်ကို Wave Money ကုမ္ပဏီတစ်ခုကသာ ထုတ်ပြန်ကြေညာခဲ့ပြီး အခြားမိုဘိုင်းငွေရေးကြေးရေးလုပ်ငန်းဖြစ်သည့် Kpay ၊ True Moneyစသည့်တို့က ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
