ကရင်နီ(ကယား)ပြည်နယ်၌ စက်တင်ဘာ ပထမအပတ်အတွင်း တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(စက်တင် ဘာ ၈ ရက်) ထုတ်ပြန်သည်။
စက်တင်ဘာ ပထမအပတ်အတွင်း စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုနှင့်ဖရူဆိုမြို့တို့တွင် တပ်အင်အား ဖြည့်တင်းကာ စစ်ကြောင်းထိုးလျက်ရှိပြီး ယာဥ်တန်းများဖြင့် ရိက္ခာပို့နိုင်ရန် ကြိုးစားလျက်ရှိကြောင်း KNDF က ဆိုသည်။

ထို့အတူ ဖယ်ခုံမြို့နယ်တွင်လည်း ပင်လောင်းမြို့နယ်မှဆင်းလာသော စစ်ကောင်စီတပ်၏ ယာဥ် အစီး၄၀ပါ ယာဥ်တန်းသည် ဖယ်ခုံအခြေစိုက် တပ်ရင်းများသို့ ဝင်ရောက်အင်အားဖြည့်ခဲ့ပြီး ယခုသတင်းထုတ်ပြန်နေစဥ်တွင် မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း အသိပေးသည်။
“ဒီမနက် မိုးဗြဲ တိုက်ပွဲမှာ စခတပ်က အရာရှိအဆင့်အပါအဝင် သေတဲ့သူများနေတယ်လို့ သိရတယ်။အသေးစိတ်ကိုတော့ သက်ဆိုင်ရာ ကထုတ်ပြန်ပေးပါလိမ့်မယ်”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ဖရူဆို
ဖရူဆိုမြို့နယ်အတွင်း ဒီးမော့ဆိုမြို့နယ်ဖက်မှ ဖရူဆိုမြို့နယ်ဖက်သို့ ရိက္ခာတင်လာသော စစ်ကောင်စီယာဥ်တန်း ငါးစီးကို စက်တင်ဘာ ၃ ရက် နံနက် ၄ နာရီ ခွဲခန့်တွင် KNDF- B15 မှ ဖရူဆိုမြို့နယ် ကဒါးလာကျေးရွာအနီးတွင် အလှစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရိက္ခာကားတစ်စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား (၃)ဦးသေဆုံးခဲ့ ကာ ယာဥ်တန်းပါကားများ နောက်ကြောင်း ပြန်လှည့်ခဲ့ရသည်။
ထို့အတူ ညနေပိုင်းတွင်လည်း ဖရူဆိုမြို့နယ်၊ ထီးသော်ကူး ကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား KNDF- B15 မှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သည်။
စက်တင်ဘာ ၄ရက် နေ့လည်တွင် ဖရူဆိုမြို့နယ် ထီးပေါ်ဆို နှင့် ဒေါညေးခူကျေးရွာတို့တွင် ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA)၊ KNDF/B04၊ B05 B15 တို့ပူးပေါင်းတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖက်မှ ခြောက်ဦးသေဆုံးခဲ့သည်။
ထို့အပြင် KNDF/B15 မှ ဖရူဆိုမြို့ နယ် ကဒါးလားကျေးရွာအနီးရှိ လက်ဝါးကပ်တိုင်တောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သည်။
ဒီးမော့ဆို
ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ် ကျေးအရွာအနီး၌ စစ်ကြောင်းထိုးတပ်စွဲထားသာ စစ်ကောင်စီတပ်များကို နံနက် ၆နာရီခွဲခန့်တွင် ကရင်နီတပ်မတော် (KA) နှင့် KNDF/B10 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲမှာ ၄နာရီ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ တစ်ဦးသေဆုံးကာ အများအပြားထိခိုက်ခဲ့သည်။
ထိုတိုက်ပွဲမှ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ငယ် (၁)လက်နက်ခဲယမ်းအချို့ကို KNDF တပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့သည်။
ဘောလခဲ
စက်တင်ဘာ ၇ ရက်က ဘောလခဲမြို့နှင့် ရွာသစ်မြို့အကြား လမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ (၁၂) မိုင်ကုန်းစခန်းအနီးတွင် ဝါးခုတ်ရန် ထွက်လာသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF/B21 တို့မှ အလှစ်အငိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ပသည်။
ထိုတိုက်ခိုက်မှုအတွင်း KNDF မှ စစ်ကောင်စီ တပ်ဖွဲ့၏ လက်နက်ငယ် (၁)လက်နှင့် ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့သည်။
ဖယ်ခုံ
ဖယ်ခုံမြို့နယ်အတွင်း စက်တင်ဘာ ၃ ရက်တွင် ကုန်းဆုံကျေးရွာအုပ်စု ထိုင်တော်မူဘုရားတောင်ပေါ်၌ စခန်းချထား သော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF/B03၊ BO9၊ B11 တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဖက်မှ တစ်ဦးသေဆုံးခဲ့သည်။
ကရင်နီအမျိုးသားတော်လှန်ရေးသမိုင်းတစ် လျှောက်နှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကရင်နီပြည်တွင်ကျဆုံး ခဲ့ရသော ရဲဘော်များအားလုံးကို ယနေ့(စက်တင်ဘာ၈) တွင် ကျရောက်သော ကရင်နီအမျိုးသား အာဇာနည်နေ့တွင် အထူးအောက်မေ့သတိရ အလေးပြုကြောင်းကိုပါ ယခုထုတ်ပြန်ချက်၌ KNDF က ဖော်ပြသည်။
