စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်တွင် စစ်ကောင်စီအရာရှိလိုက်ပါလာသည့် ယာဥ်တန်းကို ယနေ့ နံနက်ပိုင်းက မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဥ်တစ်စီးထိမှန်ပျက်စီးသွားသည်ဟု ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ – PDF ကလေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်သို့လာရောက်သည့် စစ်ကောင်စီ ယာဥ်နှစ်စီးကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် OperationMomoအဖွဲ့က ယနေ့(စက်တင်ဘာလ ၈ရက်)နံနက်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“OperationMomoအဖွဲ့က တိုက်ခိုက်တာ။ မနက် ၁၀ နာရီ ၃၅မိနစ်က။ အကြီးပိုင်းအရာရှိတွေပါတယ်။ ကားတစ်စီးကတော့ တည့်တည့်ထိသွားတယ်။ ခြုံတွေကွယ်နေတော့ စခဘယ်လောက်သေလဲ အတိအကျမသိရဘူး” ဟု PDF ကလေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ခိုက်ခဲ့သည့် OperationMomoအဖွဲ့က” ချမ်းမြေ့အောင်စည်က ဂေါင်းကြီးတို့ မြိန်ရဲ့လားဟ။ဂျိမ်းဂျိမ်းဂျိမ်း “ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။
မိုင်းပေါက်ကွဲသံမှာ ကျယ်လောင်ပြီး စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
OperationMomoအဖွဲ့ဝင်များသည် PDF ကလေးတပ်ဖွဲ့ဝင်ရဲဘော်များဖြစ်ကြပြီး PDF ၏ လုပ်ဆောင်ချက်အောက်တွင် လှုပ်ရှားနေသော မြို့ပြစစ်ဆင်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
” မြို့ပြစစ်ဆင်ရေးဟာထင်သလောက် မလွယ်ပါဘူး။ကျနော်တို့ ပြည်သူ့ အကျိုးအတတ်နိုင်ဆုံးငဲ့ပြီး လှုပ်ဆောင်မှာပါ”ဟု OperationMomoအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
