စစ်ကောင်စီတပ်ဟာ မြဝတီ-ဝေါ်လေ လမ်းမကို ဆက်လက်ကျူးကျော်ဖို့ ကြိုးစားနေပြီး လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံတပ်တွေဟာ မြဝတီ-ဝေါ်လေ လမ်းမ သုံးထပ်ကွေ့အနီး ကျော်ဝါးဘိုးဘုရားမှာ အခြေပြုကာ ဒီကနေ့ စက်တင်ဘာ(၇)ရက် မနက်(၉)နာရီခွဲခန့်နဲ့ ညနေ(၃)နာရီခွဲကနေ ည(၈)နာရီခွဲအချိန်ထိ (၁၂၀) မမလက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက်ရှိတယ်လို့ ကော်ဘရာစစ်ကြောင်းကဆိုပါတယ်။
ကော်ဘရာစစ်သည်တော်တွေဘက်ကတော့ ပြည်သူလူထုရဲ့မေတ္တာနဲ့ လုံခြုံဘေးကင်းလျက်ရှိတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ မဆင်မခြင်ပစ်ခတ်မှုကြောင့် အများပြည်သူသွားလာလျက်ရှိတဲ့ လမ်းမကြီးတွေ ထိခိုက်ပျက်စီးလျက်ရှိပြီး တောတောင်ရေမြေ၊ ပြည်သူ့အိုးအိမ်တွေလည်း ထိခိုက်ပျက်စီးလျက်ရှိတယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
