ရေစကြိုမြို့နယ် သစ်ကြီးတောရွာသို့ ခွင့်ဖြင့်ပြန်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေးစဥ် ပြန်လည်ခုခံသဖြင့် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ရေစကြို မြောက်ပိုင်းပြောက်ကျားတပ်ဖွဲ့ N-YSO က ယနေ့(စက်တင်ဘာ ၇)ထုတ်ပြန်သည်။
စစ်ကောင်စီလက်အောက်ခံ တပ်မ(၆၆)သင်တန်းဆင်း တပ်သားအမှတ်(တတ-၁၂၈၄၁၁)အောင်ဇင်ဦးသည်သြဂုတ် ၂၂ ရက် သစ်ကြီးတောရွာသို့ခေတ္တပြန်လာစဥ် N-YSO ပြောက်ကျားတပ်ဖွဲ့က ဖမ်းစီးစစ်ဆေးမေးမြန်းရာကလန်ကဆန်လုပ်ကာ ခုခံဖို့ကြံစည်ခဲ့ခြင်းကြောင့်မဖြစ်မနေရှင်းလင်းခဲ့ရကြောင်း ဖော်ပြသည်။
“သူက တပ်ထဲမှာ သင်တန်းတက်နေတာ တစ်နှစ်လောက်ရှိပြီ။ အခုအဲဒီရက်ကမှ ခွင့်နဲ့ပြန်လာလို့ ကျနော်တို့က ဖမ်းဆီးစစ်ဆေးခဲ့တာ။ ဒါကိုသူက ပြန်ခုခံဖို့ကြံစည်တဲ့အတွက်မဖြစ်မနေရှင်းလိုက်ရတာ”ဟု N-YSO တပ် ရင်းမှူးက ပြောသည်။
အထက်ပါစစ်ကောင်စီတပ်သားတစ်ဦးအားပစ်ခတ်ရှင်းလင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်မှုနောက်ကျရခြင်းမှာ ရေစကြိုမြို့နယ်အတွင်းစစ်ရေးမတည်ငြိမ်မှုအခြေအနေအပါအဝင် အက်တာနက်လိုင်းအခက်အခဲကြောင့်ဖြစ်ကြောင်း ၎င်းတပ်ရင်းမှူးက ရှင်းပြသည်။
တပ်မ(၆၆)မှ စစ်ကောင်စီတပ်သား အောင်ဇင်ဦးသည်ရေစကြိုမြို့နယ်သစ်ကြီးတောကျေးရွာဇာတိဖြစ်ကြောင်းN-YSOထံမှ သိရသည်။
