ရွေးကောက်ပွဲအနိုင်ရလို့ ပါတီရုံးရှေ့မှာ လူထုလာရောက်ကာ အောင်ပွဲခံတာနဲ့ပတ်သက်ပြီး မန္တလေးတိုင်း NLD ပါတီ အတွင်းရေးမှူး ဦးတင်ကိုကို ကို စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်လို့ သိရပါတယ်။
အောင်ပွဲခံတာဟာ လူစုလူဝေးလုပ်တာဖြစ်ပြီး ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ စစ်ကောင်စီရဲ့ အိုးဘိုထောင်တွင်းတရားရုံးက မနေ့က စက်တင်ဘာလ ၅ ရက်မှာ ထောင်ချလိုက်ပါတယ်။
ဦးတင်ကိုကိုဟာ အာဏာသိမ်းတဲ့ ရက်ကတည်းက ဖမ်းဆီးခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းလည်းကလည်း ထောင်ဒဏ် ၂ နှစ်ချခံထားရသူဖြစ်ပါတယ်။
ပထမ အမှုကလည်း မန္တလေးကျုံးဘေးမှာပြုလုပ်တဲ့ ကိုဗစ် အသိပေးပညာဆွေးနွေးပွဲဟာ လူစုလူဝေးဖြစ်တယ်ဆိုပြီး စစ်ကောင်စီက မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့တိုင်းအစိုးအဖွဲ့ကို မတရားစွပ်စွဲရာမှာ NLD ပါတီတိုင်းအတွင်းရေးမှူး ဦးတင်ကိုကိုပါ အမှုတွဲခဲ့တာပါ။
