ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်တွင် သုံးရက်ကြာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး စစ်ကား တစ်စီး မြောင်းထဲထိုးကျပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO Local PDF)က ယနေ့ (စက်တင်ဘာ ၆ ရက်) ထုတ်ပြန်သည်။
တိုက်ပွဲ ဖြစ်စဥ်များအရ ထီးပေါ်ဆိုအုပ်စု၊ ငွေတောင် ရွာသစ်ကျေးရွာတွင် ယခုလ ၃ရက်မှ ၅ရက်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ(၅)ကြိမ် ဖြစ်ပွားခဲ့သည် ဟု ဆိုသည်။
စက်တင်ဘာ ၃ရက်က ငွေတောင်ရွာသစ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ယာဥ်တန်းကို ပူးပေါင်းတပ်ဖွဲ့မှ နံနက် ၄နာရီအချိန်တွင် သွားရောက်တိုက် ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဖော်ပြသည်။

ထို့နောက် စက်တင်ဘာ ၄ရက်တွင် ငွေတောင်ရွာသစ်ကျေးရွာမှ ဒီးမော့ဆိုမြို့ဘက်သို့ဦးတည်လာသော စစ်ကောင်စီယာဥ်တန်းကို ပူးပေါင်းတပ်ဖွဲ့မှ နံနက်ပိုင်းအချိန်တွင် ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ကာ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးထိမှန်မှုကြောင့် စစ်ကောင်စီတပ် ကားတစ်စီး မြောင်းထဲထိုးကျပျက်စီးခဲ့သည်။
“(၆၀) မမ သုံးပြီး ပစ်တာ။အဲဒီအချိန် စခ တွေ ခွေးပြေးဝက်ပြေးထွက်ပြေးနေခဲ့ရတာ။လက်ရှိတော့ ဖရူဆို-ဒီးမော့ဆို လမ်းပိုင်းမှာ စခ ဘက်က ကင်းပုန်းတွေ အများကြီးချထားတယ်”ဟု DMO Local PDF မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့ကလည်း ငွေတောင်ရွာသစ်ကျေးရွာရှိ ပြည်သူနေအိမ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နေ့လည် ၁၂နာရီခန့်တွင် RPG (၂)လုံးအနီးကပ် စတင်ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း အသိပေးသည်။
အဆိုပါတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ် ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ဗျူ ဟာ(၃)၊ မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နဲ့ အလယ်ပိုင်းတိုင်း (၁၁၀၆) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း DMO Local PDF တပ်ဖွဲ့ဖက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ဖရူဆို-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်နှင့် ၎င်းတပ်ခွဲထားသော ကျေးရွာအတွင်း နင်းမိုင်းအများအပြားထောင်ထားခဲ့ကြောင်း သိရသည်။
ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်ရင်းမှ ကောင်စီတပ်ဖွဲ့သည် ည ၉နာရီခန့်တွင် လက်နက်ကြီး(၄) လုံးထက်မနည်း ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းတွင် နေ့စဥ်ပစ်ခတ်မှုရှိခဲ့သောကြောင့် ဒေသခံပြည်သူလူထုအနေဖြင့် လုံခြုံရေးကို အထူးဂရုစိုက်ရန် DMO Local PDF က တိုက်တွန်းသည်။
