အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကအဆင့်မြင်အိမ်ရာစီမံကိန်းမှမြေကွက်ပေါင်း ၇၅၀ ကိုရောင်းချနေရာမြေကွက် ၇၀၀ ကျော်ရောင်းကုန်ပြီးဖြစ်၍ မြေကွက်၄၀ကျော်သာကျန်ရှိတော့ကြောင်းရှယ်ယာရောင်းချရေးအဖွဲ့(EOD)ကထုတ်ပြန်သည်။
စစ်အာဏာရှင်ကိုအဆုံးသတ်နိုင်ရေးအတွက် NUG က ပထမဆုံးစီမံကိန်းအဖြစ်အာဏာသိမ်းခေါင်းဆောင်သိမ်းယူထားသော အင်လျားလမ်းအိမ်အမှတ် ၁၄ ကိုဒေါ်လာ ၁၀သန်းဖြင့် အစုရှယ်ယာများကိုရောင်းချခဲ့ရာ ရှယ်ယာအားလုံးရောင်းကုန်ခဲ့သည်။ ထိုနောက် စစ်ခေါင်းဆောင်၏ရန်ကုန်ရှိအိမ်တစ်လုံးဖြစ်သော ပြည်လမ်း ၆ မိုင်ခွဲရှိ နေအိမ်ကို ဒေါ်လာ ၇ သန်းဖြင့်သြဂုတ် ၅ ရက်မှစ၍ အစုရှယ်ယာများရောင်းချနေသည်။
တစ်ချိန်တည်းတွင် ရန်ကုန်တွင်နွေဦးရိပ်မွန်နှင့်နွေဦးမော်ကွန်းသစ်အမည်ဖြင့်ပထမဆုံးအိမ်ယာစီမံကိန်းနှစ်ခုကို စက်တင်ဘာ ၁ရက်မှစတင်ရောင်းချခဲ့သည်။
ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်သံသုမာလမ်းပေါ်ရှိ စစ်ကောင်စီ၏ တပ်မတော်လေးကျင့်ရေးသင်တန်းကျောင်းနေရာကို အိမ်ရာစီမံကိန်းအဖြစ်မြေကွက်များရောင်းချသောနွေဦးမော်ကွန်းသစ်ပရောဂျက်မှ ပေ ၄၀× ၆၀ရှိမြေကွက် ၄၀၀ ကို ဒေါ်လာ ၃၂၀၀၀ ဖြင့်ရောင်းချခဲ့ရာ တစ်ရက်အတွင်းရောင်းကုန်သွားကြောင်းရှယ်ယာရောင်းချရေးအဖွဲ့က စက်တင်ဘာ ၂ ရက်တွင်ထုတ်ပြန်သည်။ အိမ်ရာစီမံကိန်းများတွင် သတ်မှတ်တန်ဖိုး၏၄၀ ရာခိုင်နှုန်းကို သုံးလအတွင်းငွေပေးခေရမည်ဖြစ်ပြီးကျန် ၆၀ ရာခိုင်နှုန်းကိုတော်လှန်ရေးပြီးမှ ပေချေရသောစနစ်ဖြင့်ရောင်းချနေခြင်းဖြစ်သည်။ဒေါ်လာ ၃၂၀၀၀ ဖြင့်ရောင်းသောမြေကွက်မှာ၄၀ ရာခိုင်နှုန်းဖြစ်သော ဒေါ်လာ ၁၂၈၀၀ ကိုသုံးလအတွင်းသုံးရစ်ခွဲသွင်းပေးရမည်ဖြစ်ပြီး ကျန်ငွေများကို တော်လှန်ရေးပြီးမှသွင်းရမည်ဖြစ်သည်။
ပေ ၄၀× ၆၀ မြေကွက်မှာဝယ်လိုသူများနေသည့်အတွက်နွေဦးမော်ကွန်းသစ်စီမံကိန်းမှ အကွက်၁၀၀ ကိုထပ်မံရောင်းချသလို ၊ ပေ ၆၀×၈၀ မြေကွက် ၁၅၀ ကိုလည်းရောင်းချရာ မြေကွက် ၂၅၀ လုံးရက်ပိုင်းအတွင်းရောင်းကုန်ခဲ့သည်ဟုဆိုသည်။ပေ ၆၀× ပေ ၈၀ မြေကွက်များကို ဒေါ်လာ ၆၄,၀၀၀တန်ဖိုးသတ်မှတ်၍ ၄၀ ရာခိုင်နှုန်း(ဒေါ်လာ ၂၅,၆၀၀)ကို သုံးလအတွင်းငွေပေးချေသောစနစ်ဖြင့်ပင်ရောင်းချခြင်းဖြစ်သည်။

နွေဦးမော်ကွန်းသစ်မှ ပထမရောင်းချသောမြေကွက် ၄၀၀ ၊ဒုတိယရောင်းချသောမြေကွက် ၂၅၀ ကွက်၊စုစုပေါင်းမြေကွက် ၆၅၀ လုံးရောင်းပြီးနောက် ရန်ကုန်မြို့ တော်ဝင်လမ်းနှင့် မင်းဓမ္မလမ်းထောင့်တွင် ပေ ၆၀ × ၈၀ မြေကွက် ၁၀၀ ဖော်၍ဒေါ်လာတစ်သိန်းခွဲတန်ဖိုးသတ်မှတ်ကာ နွေဦးရိပ်မွန် စီမံကိန်းအဖြစ်ဆက်လက်ရောင်းချနေခြင်းဖြစ်သည်။ နွေဦးရိပ်မွန်စီမံကိန်းမှာလည်း ၄ ရက်အတွင်း မြေကွက် ၅၀ကျော်ရောင်းချနိုင်ခဲ့ပြီး ၄၀ ကျော်သာကျန်ရှိတော့ကြောင်း ရှယ်ယာရောင်းချရေးအဖွဲ့က ယမန်နေ့(စက်တင်ဘာ ၅)တွင်ထုတ်ပြန်သည်။
ပြည်သူများ၏ တော်လှန်ရေး နိုင်ရမည့် ယုံကြည်ခိုင်မာစိတ်နှင့် အောင်နိုင်ရေးထောက်ပို့ကူညီလိုသောစိတ်တို့ဖြင့်ဝယ်ယူနေကြခြင်းဖြစ်ကြောင်းရှယ်ယာရောင်းချရေးအဖွဲ့ကထုတ်ပြန်သည်။
နွေဦးရိပ်မွန်မှ မြေကွက်တစ်ကွက် ဒေါ်လာ ၁၆၀,၀၀၀ဖြင့်ရောင်းချရာဝယ်ယူသူများသည်၆၀ရာခိုင်နှုန်း(ဒေါ်လာ၉၆၀၀၀)ကို ဆိုင်းငံ့ဖြင့်တော်လှန်ရေးပြီးမှ ပေးချေရမည်ဖြစ်ပြီး ၄၀ ရာခိုင်နှုန်းဖြစ်သော ဒေါ်လာ ၆၄,၀၀၀ကို သုံးလအတွင်း သုံးရစ်ခွဲပေးရမည်ဖြစ်သည်။
ထိုကြောင့်အိမ်ရာစီမံကိန်းနှစ်ခုပေါင်း မြေကွက် ၇၅၀ ရောင်းချရာ မြေကွက် ၇၁၀ ခန့်ရောင်းကုန်ပြီဖြစ်ပြီး မြေကွက်၄၀ ကျော်သာကျန်ရှိတော့ကြောင်း EOD ရှယ်ယာရောင်းချရေးအဖွဲ့က အသိပေးထားသည်။
